မွတ်စ်လင်မ့် "အသိ"

August 8, 2009

“မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)

အစ္စလာမုအလိုင်ကွမ်ဝရဟ်မသုလ်လာဟိ ဝဗရကဟ်

ကျွန်တော့်ရဲ့လေးစားချစ်ခင်အပ်ပါသော အိုင်အဲဖ်အမ် မင်ဘာ သာသနာ့ညီအစ်ကိုတော်၊ ညီအစ်မတော်များရဲ့ သာသနာ့ “အသိ” တိုးပွါးစေလိုသော ရည်ရွယ်ချက်မွန် နဲ့ ဤ “မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) အခန်းဆက် ပို့စ်ကို စတင်ရေးသားရခြင်းဖြစ်ပါတယ်။ ဒီခေါင်းစဉ်ဟာ ကျွန်တော်တို့ အလွန်အင်မတန်
ချစ်ကြည်မြတ်နိုးကြတဲ့ စကြဝဠှာခပ်သိမ်း၊ လောကခပ်သိမ်း အတွက် မဟာကရုဏာတော်တစ်ရပ်အဖြစ် စေလွှတ်ခြင်းခံရတော်မူသောကိုယ်တော်မြတ် (ဆွလ်လလ်လာဟု
အလိုင်ဟိဝစလ်လမ်) ရဲ့ ဘိုင်အိုဂရာဖီ ကို ကျွန်တော်သိ သမျှ ၊လက်လှမ်းမှီသမျှ ထဲက ကောက်နှုတ် ရေးသားခြင်းပါ။ ကိုယ်တော်မြတ်ရဲ့ အင်မတန်မြင့်စွင့်လှစွာသောဘဝ နဲ့ စာရိတ္တ တော်ကို အပြည့်အစုံ ဖော်ကြူးနိုင်ဖို့ ကျွန်တော့်ရဲ့ ကလောင်သွားမှာအင်အားစွမ်းပကားလုံးဝမရှိပါဘူး။ အဲဒီ အတွက် ကျွန်တော့်အရေးအသားတွေမှာအမှားအယွင်း
လိုအပ်ချက်များရှိခဲ့လျှင်၊ ကျွန်တော့်ရဲ့အားနည်းချက်သက်သက်သာဖြစ်ပါတယ်။ အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်စေ၊ မရှင်းလင်းသောအချက်တစ်ခုခု ဖြစ်စေ၊ မြင်တွေ့မိပါက စာရှု “အသိ” ယူသူညီအစ်ကိုတော်၊ ညီအစ်မတော်များအနေနဲ့ ကျွန်တော့်အား ပြုပြင်ပေးစေလိုပါတယ် လို့မေတ္တာရပ်ခံရင်း…………

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏။

အလ္လ္လာဟုမ္မဆွလ္လိအလာ မုဟမ္မဒင်န်၊ ဝအလာ အားလိ မုဟမ္မဒင်န်၊ ကမာဆွလ်လိုင်သ၊ အလာ အိဗ်ရာဟီးမ၊ ဝအလာ အားလိ အိဗ်ရာဟီးမ၊ အင်န်နက ဟမီးဒုန် မဂျီးဒ်။

အလ္လ္လာဟုမ္မ ဗားရိက်၊ အလာ မုဟမ္မဒင်န်၊ ဝအလာ အားလိ မုဟမ္မဒင်န်၊ ကမာဗားရတ်က်သ၊ အလာ အိဗ်ရာဟီးမ၊ ဝအလာ အားလိအိဗ်ရာဟီးမ၊ အင်န်နက ဟမီးဒုန် မဂျီးဒ်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ ဘ၊ဘိုး၊ဘေး၊ဘီ၊ဘင် အထက်အဆက်အနွယ်

ဘ၊ဘိုး၊ဘေး၊ဘီ၊ဘင် အထက်အဆက်အနွယ် မျိုးရိုးစဉ်ဆက်မှတ်တမ်းတင်ခြင်းသည် အာရေဗျလူမျိုး တို့၏ အဝန်းအဝိုင်းတွင် အလွန်အရေးပါသောအမှုတစ်မှုဖြစ်သည့်အလျောက်၊ ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ မျိုးရိုးဆင်းသက်ပုံသည်လည်း တိကျသေသပ်စွာမှတ်တမ်း တင်ထားခြင်းခံခဲ့ ရပေသည်။ ကိုယ်တော်မြတ် သည် တမန်တော်ကြီး အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏သားတော်ကြီး တမန်တော်အိစ္စမာအီးလ်(အလိုင်ဟိစ္စလာမ်) မှတစ်ဆင့်ဆင်းသက်လာသူ အရဗ် စစ်စစ်ဖြစ်ပေသည်။ ကိုယ်တော်မြတ်၏ ဘ၊ဘိုး၊ဘေး၊ဘီ၊ဘင် အထက်အဆက်အနွယ် မျိုးရိုး အစဉ် အဆက်ကို ဖော်ပြရသော်…………….

မုဟမ္မဒ် ဘင်န် အဗ်ဒုလ္လာဟ် ဘင်န် အဗ်ဒုလ် မုသွာလိဘ် ဘင်န် ဟာရှင်မ် ဘင်န် အဗ်ဒုမုနားဖ် ဘင်န် ကုဆိုင်ယ် ဘင်န် ကိလဘ် ဘင်န် မုရ်ရဟ် ဘင်န် ကအဘ် ဘင်န် လုအိယ် ဘင်န် ဂါလိဘ် ဘင်န် ဖိဟ်ရ် ဘင်န် မာလိက် ဘင်န် နာဒိရ် ဘင်န် ကိနာနာ ဘင်န် ခုဇိုင်ယ်မဟ် ဘင်န် မုဒ်ရိကာ ဘင်န် အိလ်ယားစ် ဘင်န် မုဒရ် ဘင်န် နိဇာရ် ဘင်န် မအဒ် ဘင်န် အဒ်နန်၊ အဒ်နန်သည် တမန်တော်အိစ္စမာအီးလ် မှတစ်ဆင့်ဆင်းသက်လာသူ ဖြစ်သည် ကို ပညာရှင်အားလုံးက အကွဲအလွဲမရှိ လက်ခံထားပေသည်။ ဤသည်ကား ကိုယ်တော်မြတ် ၏ ဖခင်အဆက်အနွယ်တည်း။  ကိုယ်တော်မြတ်၏ မိခင်အမည်မှာ အာမိနာ ဖြစ်ပြီး၊ ကိုယ်တော်မြတ်၏ မိခင်ဘက်မှအဘိုး၏ အမည်မှာ ဝဟ်ဘ် ဘင်န် အဗ်ဒုမုနာဖ် ဖြစ်ပေသည်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ လူမျိုးစု

ကိုယ်တော်မြတ်သည် အာရေးဗျပြည်တွင် ဂုဏ်သိက္ခာအရှိဆုံးသော လူမျိုးစု ဖြစ်သည့် ကုရိုက်ရှ် အနွယ်ဝင်ဖြစ်လေသည်။ ကုရိုက်ရှ်သည် ဖိဟ်ရ် ဘင်န် မာလိက် နှင့် နာဒိရ်

ဘင်န် ကိနာနာ တို့၏ အပိုဆောင်းနာမည်ဖြစ်သည့်အားလျော်စွာ သူတို့၏သားမြေးတို့ သည် နောက်ပိုင်းတွင် “ကုရိုက်ရှ်” ဟုထင်ရှားခဲ့ကြလေသည်။ကုရိုက်ရှ် လူမျိုးစုသည် အာရေးဗျ ကျွန်းဆွယ် တစ်ခွင်လုံးတွင် ဂုဏ်သိက္ခာကြီးမား သော လူမျိုးစုအဖြစ်ရပ်တည်လာခဲ့ကြသည်။ ကုရိုက်ရှ်လူမျိုးစုဝင်တစ်ဦးဖြစ်သော ကုဆိုင်ယ် သည် ကုရိုက်ရှ် လူမျိုးတို့၏ ကြီးကျယ်မှုကို ဖြစ်တည်စေခဲ့သော အခန်း ကဏ္ဏ များ တွင် အလွန်အရေးပါသော နေရာမှပါဝင်ခဲ့လေသည်။ ကုဆိုင်ယ် ၏အမည်ရင်း မှာ ဇိုင်ဒ် ဖြစ် ပြီး သူ၏ဖခင်ကွယ်လွန်ပြီးနောက် သူ၏ မိခင် ပြောင်းရွှေ့နေထိုင်ရာ ဆီးရီးယားပြည်အနီးရှိ အဇ်ရာ လူမျိုးစု တို့၏ ဒေသတွင် ကြီးပြင်းလာသူဖြစ်ပေသည်။ လုလင်ပျိုအရွယ်သို့ရောက်သောအခါသူသည် မက္ကဟ်မြို့သို့ ပြန်လာခဲ့ပြီး ကအ်ဗဟ် ကျောင်းတော်အုပ်ချုပ်ရေးအခွင့်အာဏာ ကို ပေးအပ်ခြင်းခံခဲ့ရသည်။ ဤမြင့်မားလှသော ရာထူးအဆင့်အတန်းအရ သူအလိုရှိသောအချိန်နှင့် သူအလိုရှိသော သူအား ကအ်ဗဟ် ကျောင်းတော်တံခါးကိုဖွင့်ပေးရန် အာဏာလည်းရရှိခဲ့ပေသည်။ မက္ကဟ်မြို့သို့လာရောက် သော ဘုရားဖူးခရီးသည်များအား မြို့ခံများမှ အစားအသောက်များချက်ပြုတ်ကျွေးမွေး ဧည့်ခံခြင်း၊ ပျားရည်၊ စွန်ပလွန်သီး နှင့် စပျစ်သီးခြောက်များဖြင့်ပြုလုပ်ထား
သောအဖျော်ယမကာများ တည်ခင်းခြင်း၊စသည့်ဓလေ့တို့ကိုလည်း စတင်ခဲ့သူဖြစ်သည်။ သူသည် ကအ်ဗဟ်ကျောင်းတော်၏မြောက်ဖက်တွင် ဒါရုလ်နဒ်ဝဟ် အမည်ရှိ
အဆောက်အအုံကြီးတစ်ခုကိုလည်းတည်ဆောက်ခဲ့ပြီး၊ ယင်းအဆောက်အအုံ သည် အရဗ်လူမျိုးစု အသီးသီးတို့၏စည်းဝေးရာ၊ လူမျိုးစုလွှတ်တော်ဌာနေ အဖြစ်လည်းကောင်း၊ လက်ထပ်ပွဲများကျင်းပရာခန်းမဆောင်ကြီးအဖြစ်လည်းကောင်း တည်ရှိခဲ့ပေသည်။

၎င်းပြင် သူသည် ကုရိုက်ရှ်လူမျိုးစု ၏ နိုင်ငံရေး၊ စီးပွါးရေး၊ စစ်ရေး စသည်တို့၏ အခွင့်အာဏာကို ယုံပုံလွှဲအပ်ခြင်းခံခဲ့ရသူလည်းဖြစ်သည်။ သူ၏ မျိုးချစ်စိတ်ဓာတ် ထက်သန်မှု၊ သဘောထားကြီးမှု၊ညဏ်အမြှော်အမြင်ကြီးမှုတို့ကြောင့် သူ၏ဦးဆောင်မှုကို မျိုးနွယ်စုဝင်အားလုံးက ကြည်ဖြူကျေနပ်စွာနာခံခဲ့ပြီး နောက်ပိုင်းတွင် ကုရိုက်ရှ်လူမျိုးစုသည် ကျွန်းဆွယ်တစ်လျှောက် ပွါးများပြန့်နှံ့လာခဲ့ပေသည်။ ဤသည်ကား ကိုယ်တော်မြတ် ၏ မျိုးနွယ်စု “ကုရိုက်ရှ်” အကြောင်း တစ်စေ့တစ်စောင်းပင်။

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a comment

Create a free website or blog at WordPress.com.