မွတ်စ်လင်မ့် "အသိ"

August 12, 2009

အတိုးစားလို့ရမရ (The Sage ဖြေ)

အစ္စလာမုအလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကဟ်

အစ္စလာမ် သာသနာဝင် မုစ်လင်မ် များအတွက် အကျိုးထူးရရှိစေနိုင်မယ့် မေးခွန်းမျိုးတွေကို မှရွေးမေး နေတဲ့ သာသာနာ့ တစ်အူထုံ့ဆင်း စိုင်ကွန် ကို အထူးတလည် ကျေးဇူးတင်ရှိကြောင်း ပထမဆုံး အနေနဲ့ ပြောကြားလိုပါတယ်။

ဒီတစ်ခါ စိုင်ကွန် မေးလာတဲ့ မေးခွန်းကတော့ “အတိုးစားခြင်း” နဲ့တိုက်ရိုက် ပတ်သတ်ဆက်နွယ် နေတဲ့ မေးခွန်းပါ။ စိုင်ကွန် မေးထားတာတွေ မဖြေခင် “အတိုး” ကို အာရဗီ ဘာသာစကားနဲ့ ဘယ်လိုခေါ်လဲ?၊ အတိုးစားခြင်းနဲ့ သက်ဆိုင်တဲ့ ကုရ်အာန် အာယဟ် များ၊ ဟဒီးစ်တော် များ ကို အရင်ဆုံး တင်ပြပေးပါ့မယ်။

“အတိုး” ကို အာရဗီ ဘာသာစကားနဲ့ “ရိဗာ” လို့ခေါ်ပါတယ်။ အာရဗီ အက္ခရာ “ရာအ်” ၊ “ဗာအ်”၊ “အလိဖ်” ပါ။ (အူရဒူ အသံ- “ရေ”၊ “ဗေ”၊ “အလိဖ်”)။ ကျမ်းတော်မြတ် ကုရ်အာန် နဲ့ ဟဒီးစ်တော် တွေမှာ “အတိုးစားခြင်း” ကို အတိအလင်း ပြတ်ပြတ်သားသား ကို တားမြစ်ထားပါတယ်။ ကုရ်အာန် အာယဟ် တော်တွေအရင် ပြပါ့မယ်။
ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် တော် ၃၊ အာယဟ်တော် ၁၃၀ မှာ အလ္လာဟ် အရှင်မြတ် က

    “ယာ အိုင်ယ် ယု ဟလ်လဇီးန အားမနူ လာသအ်ကုလူရ် ရိဗာ အဿွ်အာဖွန်မ်
    မုဿွာအဖွသန် ဝသ်သကုလ္လားဟ လအလ်လကွမ် သုဖ်လိဟူးန်”။
    အို- “မုအ်မင်န်” ယုံကြည်ခြင်း သဒ္ဓါ တရား ထားရှိသူ အပေါင်းတို့။ အသင်တို့သည်ဆထက်တိုးပြီး ဖြစ်သော၊ ဆပေါင်းများစွာသော အတိုးအညွန့်ကို မစားကြကုန်လင့်။၎င်းပြင် အသင်တို့ သည်အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ ကြလေကုန်၊ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြကုန်အံ့။

ဒီအာယဟ် တော်ကတော့ “အတိုး” မစားဖို့ အတိအလင်း ပိတ်ပင်ထားတဲ့ အာယဟ်တော်ပါ။ ဒီ အာယဟ်တော်ကို ဖတ်ပြီး လူသား တွေက စဉ်းစားလာကြမှာဘဲ၊ ဘာကိုလဲ? “ဆထက်တိုး၊ ဆပေါင်းများစွာတိုး ကို မစားနဲ့ ဆိုတော့ ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှုရော ပြုလို့မရဘူး လား? အဲဒါ လည်း ဆထက်တိုးနိုင် တာဘဲလေ။” အဲသလို။

ကျမ်းတော်မြတ်ကုရ်အာန် စူရဟ် တော် ၂၊ အာယဟ်တော် ၂၇၅ မှာ၊

    “ဝ အဟလ်လလ် လားဟုလ် ဗိုင်ယ်အ ဝဟရ် ရမရ် ရိဗာ”အမှန်စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ် သည် ကုန်စည် ကူးသန်းရောင်းဝယ်ခြင်း ကိုခွင့်ပြုထား တော်မူ၍ အတိုးအညွန့်စားခြင်း ကိုမူကား တားမြစ် တော်မူခဲ့လေသည်။

ရှင်းသွားအောင်လင်းပြ ထားပါပြီ အလ္လာဟ် အရှင်မြတ်က။ ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု နဲ့ အတိုးတို့ မတူဘူးဆိုတာကို။ ဒီအာယဟ် တော်ရဲ့ အစကိုလည်း ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါ။

အတိုးစားခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့ နောက်ထပ် အာယဟ်တော် နှစ်ခု ကို လည်းတင်ပြလိုက်ပါဦးမယ်။
တစ်ခုက ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် ၂၊ အာယဟ်တော် ၂၇၈ပါ။

    “ယာ အိုင်ယ် ယု ဟလ်လဇီးန အားမနူသ်သကုလ္လ္လားဟ ဝဇရူ
    မာဗကိယ မိနရ် ရိဗာ အင်န်ကွန်သုမ် မုအ်မိနီးန်။”
    အို-ယုံကြည်သူ အပေါင်းတို့၊ အကယ်၍ အသင်တို့သည် ယုံကြည်သူများ ဖြစ်ကြပါမူ၊အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့လေးစား ရိုသေခံ့ညားကြကုန်၊ ၎င်းပြင် ကြွင်းကျန်လျက်ရှိသော အတိုးအညွန့်များ ကို လည်း စွန့်လွှတ်ကြကုန်။

နောက် အာယဟ်တော် တစ်ခုက ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် ၂၊ အာယဟ်တော် ၂၇၉။

    “ဖွအင်န် လမ်သဖ်အလူ ဖအ်ဇနူ ဗိဟရ်ဗင်မ် မိနလ္လားဟိ ဝရစူလိဟီ ဝအင်န်
    သုဗ်သွမ် ဖွလကွမ် ရုအူးစု အမ်ဝါလိကွမ် လာသဇ်ွလိမူးန်။”
    တဖန် အကယ်၍သာ အသင်တို့သည် (အတိုးအညွန့် မစားသုံးအပ်ခြင်း နှင့် စပ်လျင်း၍အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်များကို မလိုက်နာ) မပြုလုပ်ခဲ့ကြပါမူ အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၊ ထို အရှင်မြတ်၏ ရစူလ် တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်)နှင့် ၎င်း၊ စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ကြရန် အဆင်သင့် ရှိကြလေကုန်၊

အတိုးစားမယ်ဆိုရင် အလ္လာဟ်အရှင်မြတ် နဲ့ ကိုယ်တော်မြတ်ကြီး ကို စစ်ပြုဖို့ အသင့်ပြင်ထားတဲ့။ တားမြစ်ချက်ကို ဘယ်လောက်ပြင်းပြင်းထန်ထန် ခိုင်းနှိုင်း ဥပမာ ပေးထားလဲဆိုတာ။ အလ္လာဟုအက်ဗရ်။  အာယဟ် တော်တွေကတော့ ရှိသေးတယ်။ သို့သော် ဒီလောက်ကဘဲ လုံလောက်နေပါပြီ။

ဆက်လက် ပြီး ကိုယ်တော်မြတ်ရဲ့ ရွှေနှုတ်တော်လာ ဆွဟီးဟ် ဟဒီးစ် တော်တစ်ပုဒ် ကို တင်ပြပါ့မယ်။

    ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်တော်မူခဲ့သည်မှာ-
    “ကြီးကျယ်သောပျက်စီးရာပျက်စီးကြောင်း အပြစ်ကြီး ၇ ခု ကိုရှောင်ရှား ကြလော့။”သူတို့(ဆွဟာဗဟ် များ) က မေးခဲ့ကြသည်၊ “အိုအလ္လာဟ့် မြတ်တမန်၊ ယင်းတို့ကားအဘယ်နည်း”။ ကိုယ်တော်မြတ်က မိန့်ခဲ့သည်၊ “အလ္လာဟ်အရှင်မြတ် နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲ ကိုးကွယ်ခြင်း၊ စုန်းကဝေ အောက်လမ်း အတတ်လိုက်စားခြင်း၊တရားမျှတစွာစီရင်ခြင်းမှအပ မှအပ အလ္လာဟ် အရှင်မြတ်တားမြစ်ထားသော “အသက်”ကိုသတ်ဖြတ်ခြင်း၊ အတိုးစားခြင်း၊ မိဘမဲ့ ကလေး၏ ပိုင်ဆိုင်မှုများကို မတရားသဖြင့်
    စားသုံးခြင်း၊ စစ်မြေပြင်မှ ကျောခိုင်း ထွက်ပြေးခြင်း နှင့် ကိုယ်ကျင့် တရားကောင်း၊ကာယိနြေ္ဒ စောင့်ထိန်းပြီး၊ အကျင့်သိက္ခာကို ထိပါးစေမည့် မည်သည့်အရာမျိုးနှင့်မှ ပတ်သတ်ဖူးခြင်း မရှိ သော ကောင်းမြတ်သည့် ယုံကြည်သဒ္ဓါ ရှိကြသောအမျိုးသမီးများအား မတရားစွတ်စွဲ ခြင်း တို့ဘဲဖြစ်တယ်။”

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ်လာဟုသအာလာအန်ဟု)
ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ ဟဒီးစ်အမှတ် ၈၄၀။

အတိုးစားခြင်းကို အကြီးလေးဆုံးအပြစ်ဖြစ်တဲ့ ရှိရ်က် (အလ္လာဟ်အရှင်မြတ် နှင့် တစ်စုံ တစ်ရာအား ယှဉ်တွဲ ကိုးကွယ်ခြင်း) နဲ့တောင် အတူထားပြီးကိုယ်တော်မြတ်က မိန့်ဆို
ထားပါတယ်။

ဒီတော့ “အတိုးစားခြင်း” နဲ့ပတ်သတ်ပြီး အလ္လာဟ် နဲ့အလ္လာဟ့်တမန်တော် က မိန့်ကြား တားမြစ် ရှုံ့ချထားတာကို တင်ပြပြီးပါပြီ။ စိုင်ကွန် ရဲ့ မေးခွန်းတွေကို နောက်ပို့စ်မှာဖြေ ကြားပါ့မယ်။  အင်န်ရှအလ္လာဟ်ဟုသအာလာ။

လေးစားပါတယ်ခင်ဗျာ
The Sage

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a comment

Create a free website or blog at WordPress.com.