မွတ်စ်လင်မ့် "အသိ"

August 21, 2009

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၇)

Filed under: ဇကားသ် — The Sage @ 11:32 pm

ဇကားသ် (သို့) အစ္စလာမ့် တတိယမဏ္ဍိုင်

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်ခေါင်းစဉ်ရဲ့ နောက်ဆုံးခေါင်းစဉ်ငယ်အနေနဲ့ ဇကားသ်
(ဆင်းရဲသားအခွင့်အရေးဆိုင်ရာ ဓန အလှု) လို့အမည်ပညတ်ရတဲ့ အစ္စလာမ့် မဏ္ဏိုင်ကြီး ငါးခုထဲက တတိ
ယမြောက် ရဲ့ အခြေခံ”အသိ” တွေကို ရေးသားတင်ဆက်ပါ့မယ်။ ဇကားသ်ပေးလှုခြင်းဟာ တတ်စွမ်းသူ ဓန
အင်အားပြည့်စုံသူ မုစ်လင်မ် တိုင်းအတွက် ဖွရဇ်ဖြစ်ပါတယ်။ ဇကားသ်ပေးရန်တာဝန်မရှိလောက်တဲ့ဓနအင်
အားပိုင်ဆိုင်ထားသူ ဆင်းရဲသားတွေ အတွက်တော့ ဖွရဇ်မဟုတ်ပါဘူး။ ဇကားသ်နဲ့ပတ်သတ်တဲ့ အာယဟ်
တော်တွေဟာ ဆွလားသ် တည်ဆောက်ဖို့ အမိန့်တော်နဲ့ အတူတွဲလျက် ကျမ်းတော်မြတ် ကုရ်အာန်နေရာ
အတော်များများ မှာ လာရှိ ပါတယ်။ ဆွလားသ် နဲ့ ဇကားသ် ဟာ ကိုယ်တော်မြတ်ရဲ့ ရှရီအသ်မှာတင်ပြဋ္ဌာန်း
ထားတာမဟုတ်ပါဘူး။ မူစာ(အလိုင်ဟိစ္စလာမ်) ရဲ့ ရှရီအသ်မှာလည်း ပြဋ္ဌာန်းခဲ့ကြောင်း
ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် (၂)၊ အာယဟ်တော် (၄၃) မှာ

    “(အို အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည်ဆွလာတ်ဝတ်ပြုကြကုန်၊
    တရားဝင် ဒါနကြေးဖြစ်သော ဇကာတ် ကိုလည်းပေးဆောင်ကြကုန်၊ ထို့ပြင်တဝ
    ကိုင်းညွတ်ရိုကျိုးသော သူများနှင့်အတူ (ညီညာဖျဖျ) ကိုင်းညွတ်ရိုကျိုးကြကုန်။”

ဒီအာယဟ်တော်မှာ အလ္လာဟ်အရှင်မြတ်က အစ္စရာအီလီ လူမျိုးအပေါ်မှာပြဋ္ဌာန်းခဲ့တဲ့အမိန့်တော်တွေထဲက
ဆွလားသ်နဲ့ဇကားသ်ဆိုင်ရာအမိန့်ပြဋ္ဌာန်းချက်ကိုကိုယ်တော်မြတ်ရဲ့အုမ္မသ်မုစ်လင်မ်တွေရဲ့”အသိ”အတွက်
ပြန်ပြောင်းမိန့်တော်မူထားခြင်းဖြစ်ပါတယ်။ ကိုယ်တော်မြတ်ရဲ့အုမ္မသ်မုစ်လင်မ်တွေကိုတော့အလ္လာဟ်အရှင်
မြတ်ကကျမ်းတော်မြတ်ကုရ်အာန်စူရဟ်တော်(၂)၊အာယဟ်တော် (၁၁၀)မှာခုလိုတိုက်ရိုက်အမိန့်ပေးပြဋ္ဌာန်း
ထားတော်မူပါတယ်။

    “ထိုမှတပါး အသင်တို့သည် “ဆွလာတ်” ဝတ်ပြုခြင်းကို အမြဲတစေဆောက်တည်
    ကြလေကုန်၊၎င်းပြင်အသင်တို့သည်”ဇကာတ်”တရားဝင်ဒါနကြေးများကိုပေးဆောင်
    ကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် မည်သည့် ကောင်းမှု ကုသိုလ်ကိုမဆိုမိမိ
    တို့အဘို့အရာ ရှေ့သို့တင်ကြိုပို့ထားနှင့်ကြပါမူ အလ္လာဟ်အရှင်မြတ် အထံတော်မှ
    ယင်းကောင်းမှု(၏ကုသိုလ်အကျိုး)ကိုအသင်တို့ ရရှိကြအံ့၊ မုချအမှန်အလ္လာဟ်အရှင်
    မြတ်သည်အသင်တို့ပြုမူကြကုန်သောအရာခပ်သိမ်းတို့ကိုအကြွင်း မရှိ သိမြင်တော်
    မူသော အရှင်ဖြစ် တော်မူ၏။”

အစ္စလာမ်သာသနာတော်မှာမရှိဆင်းရဲနွမ်းပါးချို့တဲ့ သူတွေကို လှုဖို့တန်းဖို့ကြည့်ရှုစောင့်ရှောက်ဖို့ပညတ်
ချက်တွေ ရှိသလောက် အခြားအယူဝါဒသင်ကြားမှုတွေမှာအဲဒီလောက်မရှိပါဘူး။ ပြည့်ဝတဲ့မုစ်လင်မ်ဆိုတာ
အစ္စလာမ့်ပညတ်ချက်တွေကိုလိုက်နာစောင့်ထိန်းရင်းအလှုအတန်းကိုတတ်အားသရွေ့လုပ်နေတဲ့သူဖြစ်တယ်
ဆိုတာကို အောက်ပါအာယဟ်တော်ကသက်သေခံလျှက်ပါ။

    “၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်မိမိကျေးဇူးတော်ဖြင့်ရက်ရောစွာပေးသနားတော်
    မူသော ဥစ္စာပစ္စည်းနှင့် စပ်လျဉ်း၍စစ်စီစေးနဲကြကုန်သောသူတို့သည်(ယင်းကဲသို့)
    စစ်စီစေးနဲခြင်း သည် မိမိတို့ အဘို့ကောင်းမြတ် သည်ဟူ၍ မထင်မှတ် ကြရာ ချေ။
    စင်စစ်မူကား(ယင်းကဲ့သို့) စစ်စီစေးနဲခြင်းသည်ထိုသူတို့အဘို့ဆိုးရွားလှပေသည်။
    (အဘယ်ကြောင့်ဟူမူ) ထိုသူတို့သည် မုချရှင်ပြန်ထမည့်နေ့တွင် မိမိတို့စစ်စီစေးနဲ
    (သိုမှီးစုဆောင်း) ခဲ့ကြကုန်သောဥစ္စာပစ္စည်းများဖြင့်လည်ပင်း၌ကွင်းစွပ်ခြင်းကိုခံကြ
    ရမည်(ဖြစ်သောကြောင့်တည်း)။အမှန်သော်ကားကောင်းကင်ဘုံများ၌၎င်း၊ပထဝီမြေ
    ပြင်၌ ၎င်း၊ ရှိရှိသမျှသောအမွေပစ္စည်းအစုစုတို့သည်အလ္လာဟ်အရှင်မြတ်အဘို့သာ
    ဖြစ်သည်။အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည်အသင်တို့ပြုလုပ်ကြကုန်
    သောကိစ္စအရပ်ရပ်တို့ကိုအကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ
    ပေသတည်း။”


 
မရှိ ဆင်းရဲသားတွေ ကို မလှုမတန်း ဘဲ ရသမျှ တွေကိုကုတ်ခြစ် ပြီး ငါ့ဥစ္စာ၊ ငါ့ဥစ္စာ လုပ်နေတဲ့သူတွေတွေ့ကြုံ
ရမယ့် အပြစ်ဒဏ်ကို အလ္လာဟ်အရှင်မြတ်ကပွင့်လင်းပြတ်သားစွာမိန့်တော်မူထားပြီးပါပြီ။ ဖွီစဗီလိလ္လာဟ်လည်း
မလှု၊ ရမသွာန်လရောက်မှ အခွန်ရှောင်သလိုညဏ်နီညဏ်နက်သုံး၊ ဇကားသ်ရှောင်ဖို့ ဖသ်ဝါအမျိုးမျိုး လိုက်ရှာ
တတ်တဲ့ အချို့သော မုစ်လင်မ် ဓနရှင်တွေအလွန်သတိကြီးကြီးထားရမယ့် အာယဟ်တော် ဖြစ်ပါတယ်။

ဇကားသ်ဘယ်လိုတွက်ချက်ရသလည်းဆိုတဲ့အသေးစိတ်ကိုတော့နီးစပ်ရာအာလင်မ်ပညာရှင်တွေထံမှာသေသေ
ချာချာမေးမြန်းသင်ယူထားကြပါ။ ဆက်လက်ပြီး ဇကားသ်ပေးရန်တာဝန်ရှိစေတဲ့ ဓနပမာဏ (နိစွားဗ်)၊ဇကားသ်
လက်ခံထိုက်သူတွေ စတာတွေကို အနည်းငယ်တင်ပြပေးပါ့မယ်။ နိစွားဗ် သတ်မှတ်ချက်ကို ရိုးရှင်းစွာရှင်းလင်းပြ
ရရင်……… တစ်နှစ်တာရှိ မိမိပိုင်ဆိုင်တဲ့ (ကြွေးမှီ နှုတ်ပြီး) ရွှေဆို ရင် ငါးကျပ် တစ်ဆယ်ပဲသား ၊ ငွေထည်ဆိုရင်
လေးဆယ်ကျပ်သားပါ။ ရွှေ၊ငွေ(ထည်)၊ ကုန်ပစ္စည်းစတာတွေကိုသက်ဆိုင်ရာတိုင်းပြည် ငွေကြေးယူနစ်နဲ့ကာလ
ပေါက် ဈေးအတိုင်းဖလှယ်ပြီး ၄၀ပုံ တစ်ပုံ ကို လှုရပါတယ်။ ရာခိုင်နှုန်း နဲ့ဆို ပိုင်ဆိုင်သမျှ ရဲ့ ၂.၅ %(တစ်နည်း)
တစ်ထောင် ကျပ်လျှင် နှစ်ဆယ့်ငါးကျပ်နှုန်းနဲ့ပေးလှုရတာပါ။ ပိုင်ဆိုင်သမျှဆိုတဲ့အထဲအမျိုးသမီးတွေရဲ့လက်ဝတ်
လက်စားတွေရောပါလားလို့မေးစရာရှိပါတယ်။ လက်ဝတ်လက်စားအပေါ်ဇကားသ်ပေးရခြင်း၊မပေးရခြင်းနဲ့ပတ်
သတ်ပြီးအဆိုကွဲပြားပါတယ်။သို့သော်ပိုခိုင်လုံတဲ့ဟဒီးစ်အဆိုကတော့ပေးရတယ်ဆိုတဲ့အဆိုပါ။ဒီတော့လက်ဝတ်
လက်စား နိစွားဗ် အတိုင်းအတာပိုင်သူတွေအနေ နဲ့ ပေးတာပိုကောင်းပါတယ်။ အလှုအတန်းလုပ်ရင် ပိုပြီး တိုးပွါး
စေမယ့် အကြောင်း အလ္လာဟ်အရှင်မြတ်ကကျမ်းတော်မြတ်ကုရ်အာန်စူရဟ်တော် (၂)၊ အာယဟ်တော် (၂၇၆)မှာ
အခုလို မိန့်တော်မူထားပါတယ်။

    “အလ္လာဟ်အရှင်မြတ်သည် အတိုးအညွန့်ကို ဆုတ်ယုတ်ပျက်စီး စေတော်မူ၍ (ပေးကမ်း
    စွန့်ကြဲ သုံးစွဲကြကုန်သော) အလှုဝတ္တုများကိုမူ (ဆထက် ထမ်းပိုး) တိုးပွါးစေတော်မူ၏။ …”

အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်က ကတိ ပေးထားတာပါ။ ဒီတော့ လှုကြပါ။ ဇကားသ်ဆိုင်ရာ ဟဒီးစ်တော်တွေ
လည်းအများကြီးပါ။ မိမိဘာသာလေ့လာကြပါ။ အင်ရှာအလ္လာဟ်ဟုသအာလာ နောက်ပို့စ် မှာ ဇကားသ်စားထိုက်သူ
တွေစာရင်းကို ရှင်းလင်းချက်လေးတွေနဲ့ တစ်ကွတင်ပြပေးပါ့မယ်။

လေးစားပါတယ်ဗျာ
The Sage

August 19, 2009

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၆)

Filed under: သရာဝီဟ် — The Sage @ 2:08 pm

သရာဝီးဟ် နဲ့ပတ်သတ်လို့ ဆက်လက်ရေးသားပါပြီ။ သရာဝီးဟ်ဆွလားသ် ကို နှစ်ရကအသ် တစ်ခါ စလာမ် ပို့ခြင်းအားဖြင့် ဝတ်ပြုရပါတယ်။ ဝိသိရ် (၃)
ရကအားသ် အပါအဝင် စုစုပေါင်း (၁၁) ရကအားသ်ဝတ်ပြုခြင်းဟာ ကိုယ်တော်မြတ် (ဆွလ်လလ္လာဟ်ဟုအလိုင်ဟိဝစ္စလာမ်) ရဲ့ စုန္နဟ်တော် ဖြစ်ပါတယ်။
ရမသွာန်လမှာ ကိုယ်တော်မြတ် ရဲ့ ညဆွလားသ် (ဆွလာသုလ်လိုင်လ်၊ သရာဝီးဟ်) ဟာ ဘယ်သို့ဘယ်ပုံ ရှိခဲ့သလဲလို့ ဆွဟာဗဟ်တစ်ပါးက မိခင်မွန်ကြီး
အာအိရှဟ် (ရသွီယလ္လာဟ် ဟုသအာလာအန်ဟာ) သခင်မ ကိုမေးခဲ့တော့……………..

အဗူစလမဟ်ဘင်န်အဗ်ဒုရ်ရဟ်မာန်က ပြောပြခဲ့သည်မှာ ရမသွာန်လတွင် အလ္လာဟ့်တမန်တော် ရဲ့ ဆွလားသ်ဟာ ဘယ်သို့ ဘယ်ပုံ ရှိခဲ့သလဲ လို့
သူက အာအိရှဟ် (ရသွီယလ္လာဟ် ဟုသအာလာအန်ဟာ) သခင်မ ကိုမေးခဲ့ပါတယ်။ သူမက ပြန်ပြောခဲ့တာက ရမသွာန် လမှာ ဖြစ်စေ၊ ကျန်လတွေ
မှာ ဖြစ်စေ ကိုယ်တော်မြတ်ဟာ (၁၁)ရကအားသ် ထက် ပိုပြီးဝတ်ပြုခဲ့တာမရှိပါဘူး။ ………………

ဆင့်ပြန်သူ-အဗူစလမဟ်ဘင်န်အဗ်ဒုရ်ရဟ်မာန် (ရသွီယလ္လာဟ် ဟုသအာလာအန်ဟု)။
ကျမ်း-ဆွဟီးဟ်ဗုခါရီ၊ အတွဲ (၃)၊ ကျမ်းငယ်အမှတ် (၃၂)၊ ရမသွာန်လတွင်ညဘက်ဝတ်ပြုခြင်းဆိုင်ရာကျမ်းငယ်၊
ဟဒီးစ်အမှတ် (၂၃၀)။

ဒီတော့သိရတာကစုန္နဟ်တော်အရရမသွာန်လ ရဲ့ ညဆွလားသ် (သရာဝီးဟ်) ဟာ (၁၁) ရကအားသ်ပါ။သို့သော် နဝါဖိလ်အနေနဲ့ (၁၁) ထက် ပိုပြီးတော့
ဖတ်ရင် လည်းရပါတယ်။ ရမသွာန်လမှာ တတ်နိုင်သလောက်ဆွလားသ် များများဝတ်ပြုလေ ကောင်းလေပါ။ တစ်ခုတော့ ရှိတယ်၊ ဆွလားသ်ဝတ်ပြုရင်ကိုယ့်
ဟာကိုယ်တစ်ဦးတည်း ဖြစ်ဖြစ်၊ အီမာမ်ကဦးဆောင်ရင် ဖြစ်ဖြစ် ကိရာအသ်ကို ဖြည်းဖြည်းမှန်မှန် ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ဖတ်ဖို့အလွန် အရေးကြီးပါတယ်။
ပြီးတော့ဆွလားသ်ရဲ့လှုပ်ရှားမှုတွေပြောင်းရင်လည်းဖြည်းဖြည်းမှန်မှန်တိတိကျကျပြုရပါ့မယ်။ (ဥပမာ- အလ္လာဟ်ဟုအက်ဗရ် အလ်ဟမ်ဒု {အမြန် အမြန်အမြန်
အမြန်} သွားလီန်၊ စဗ္ဗိဟိစ်မ {အမြန် အမြန် အမြန် အမြန် လျှာတွေလိပ် ၊ လျှာတွေခေါက် ခလုတ်တွေတိုက်} အိဗ်ရာဟီးမ ဝ မူဆာ၊ အလ္လာဟ်ဟုအက်ဗရ် ၊
{ရူကူမှာ-စွန်စွန်စွန်} စမိအလ္လာဟု လိမန်ဟမိဒဟ် {တစ်ဆက်တည်း} အလ္လာဟ်ဟုအက်ဗရ် {စိဂ်ျဒဟ်မှာ- စွန်စွန်စွန်} အဲလိုတွေ မဖတ်ရပါဘူး။ အဲလိုဖတ်ရင်
အပြစ်တွေထိုက်ပါတယ်။ အရမ်းအရေးကြီးတဲ့ အချက်ပါ။ ဘယ်လိုဆွလားသ် ဘဲဝတ်ပြုပြု အေးအေးသက်သာ ပုံမှန်လေးနဲ့ဝတ်ပြုရပါတယ်။ အဲသလို အလ်
ထရာဆိုးနစ် ကြက်အစာကောက်ကျီးကန်းတောင်းမှောက် ဆွလားသ် မျိုးကို ဂျမာအသ်နဲ့ ဝတ်ပြုမယ့်အစားကိုယ့်ဟာ ကိုယ် တစ်ဦးတည်း (သို့မဟုတ်)မိသား
စုဝင်တွေကို ဦးဆောင်ပြီး ကိုယ့်အိမ်မှာကိုယ်မှန်မှန်ကန်ကန်တိတိကျကျလေး ဝတ်ပြုတာက ပိုကောင်းပါတယ်လို့ ကျွန်တော် ခံယူထားပါတယ်။ (ကျွန်တော်
ဟာ အဲသလို အလ်ထရာဆိုးနစ် ဆွလားသ် ကို မဖတ်ချင်လို့ကိုယ့်ဟာ ကိုယ်အိမ်မှာဘဲ(၁၁)ရကအားသ်ဝတ်ပြုလေ့ရှိပါတယ်။)

နောက်တစ်ချက်က သရာဝီးဟ် (၁၁) ရကအားသ်ဖတ်တဲ့လူက (၁၁) ထက်ပိုဖတ်တဲ့လူကို၊ (၁၁) ရကအားသ်မက ဖတ်တဲ့ လူက(၁၁) ရကအားသ် ဖတ်တဲ့
လူကို ထိပါးစော်ကား ပြောတာမျိုးမလုပ်သင့်ပါဘူး။ မုဖ်သီဆိုတဲ့လူတစ်ယောက် ရမသွာန်လ မှာ ဗလီ မင်မ်ဘရ် ပေါ်ကနေ ဒေါသတကြီး (၁၁) ရကအားသ်
ဖတ်တဲ့ မုစ်လင်မ်တွေကို နှိပ်ကွပ် နေတဲ့ မတရား ဟောတာကို(တရားမဟုတ်ပါ)ကက်ဆက်ခွေကတစ်ဆင့် နားထောင်ဖူးပါတယ်။သရာဝီးဟ်(၈)ရကအားသ်
(ဝိသိရ် ၃ ရကအားသ်မပါ)ဖတ်တဲ့သူတွေကငပျင်းတွေတဲ့၊ ဒီကောင်တွေ(ဒီကောင်တွေလို့ကိုသုံးပြီးမိုက်ရိုင်းတာနော်)ဝါဖြေပြီး ဗိုက်လေးလို့(၈)ရကအားသ်
ဖတ်တာတဲ့။ အဲဒီကောင်တွေကိုဖိနပ်နဲ့ရိုက်ရမယ်တဲ့။ အဲဒါကိုကြားပြီးအနားမှာရှိတဲ့ (၁၀) နှစ်သားအရွယ်တူလေးက အဲဒီဆရာ ကိုမေးရမယ်တဲ့၊ ကျွန်တော်
တို့ကို ငပျင်းလို့ ပြောရအောင် ဆရာ့သရာဝီးဟ် နဲ့ကျွန်တော်တို့သရာဝီးဟ်ဘယ်ဟာကပိုကြာလည်းဆိုတာပြိုင်မလားလို့။ ကလေးဆိုတော့လည်းကလေး
စကားပေါ့။ ဒီတော့ အဲဒီ မုဖ်သီဆိုသူဟာဘယ်သူ့ကိုတောင်စော်ကားရာ၊ မိုက်ရိုင်းရာရောက်သွားသလဲစဉ်းစားကြပါ။ ပါးစပ်သရမ်းပြီးအဲဒါမျိုးတွေမပြောမိဖို့
အရေးကြီးတယ်နော်။ လန်ဘားကုရ်သာကြီးဝတ်၊ စုန္နဟ်တော် မုတ်ဆိတ် နဲ့၊ နေရူးတိုပီ (တိုပီ=ဦးထုပ်) လေးဆောင်းပြီး အလွန်မိုက်ရိုင်းတတ်တဲ့ အဲဒီလူဟာ
မုဖ်သီလား၊ မုဖသီယာ လား သူ့ဟာသူစဉ်းစားပြီးသော်ဝ်ဗဟ် လုပ်ရင် သူ့အတွက်ကောင်းလိမ့်မယ်။ ကျွန်တော် ကတော့ အမြင်မတော်ရင် အမှန်ကို ဒဲ့ဒိုးပြော
တတ်တယ်နော်။ ရှူးဂါးကိုတဒ်မဟုတ်တဲ့ဆေးခါးကြီးဆိုတော့အဝင်ဆိုးရင်ဆိုးမယ်၊ကြိတ်မှိတ်ပြီးသာမျိုချလိုက်၊ ဆေးပတ်လည်တာနဲ့ရောဂါပျောက်သွားမယ်
(အင်န်ရှာအလ္လာဟ်ဟုသအာလာ)။

ဪ……..ရေးဖို့ကျန်သွားတယ်။ မေ့တော့မလို့ တော်သေးတယ်။ ဆွဟာဗဟ်ကြီး အုမရ်ဖွာရူးက် (ရသွီယလ္လာဟ်ဟုသအာလာ အန်ဟု) သခင်လက်ထက်
မှာ ဟာဖိဇ် ဆွဟာဗဟ်ကြီးနှစ်ပါးကို အီမာမ်တာဝန်ပေးပြီး အခြားဆွဟာဗဟ် တွေရဲ့ ဂျမာအသ်ကို သရာဝီးဟ် ဦးဆောင် စေခဲ့ပါတယ်။ ရမသွာန် တစ်လလုံး
သရာဝီးဟ် မှာ ကုရ်အာန်အစအဆုံး ဂျမာအသ်နဲ့ ဖတ်ခြင်း ဟာအဲဒီအချိန်ကစတင်ခဲ့တာပါ။ ကိုယ်တော်မြတ်နဲ့ ပထမခလီဖွာကြီး အဗူဗကရ် လက်ထက်မှာ
တော့ သရာဝီးဟ်မှာ ကုရ်အာန်အစအဆုံး ဂျမာအသ်နဲ့ ဖတ်ခြင်း အလေ့အထ မရှိခဲ့ပါဘူး။ အုမရ်သခင် လက်ထက်မှာ ဖတ်တဲ့ ရကအားသ် အရေအတွက်နဲ့
ပတ်သတ်ပြီးအဆိုကွဲတွေ အများကြီးရှိပါတယ်။ (၁၁) ရကအားသ် အဆိုလည်းရှိသလို၊ (၂၃) ရကအားသ်အဆိုလည်း ရှိပါတယ်။ ဖွိကဟ်ပညာရှင်ကြီးအများ
စုကတော့ (၂၃) ရကအားသ် ကို လက်ခံ ကျင့်သုံး ကြတယ်လို့ အီမာမ်သိရ်မိဇီက သူ့ရဲ့ ဂျာမိအုသ် သိရ်မိဇီ ကျမ်းမှာ ရေးသားထားပါတယ်။

ဒီတင်ဘဲ သရာဝီးဟ် အကြောင်းရေးသားလို့ပြီးပါပြီခင်ဗျား။

ဝလ္လာဟ်ဟုအအ်လမ်၊ ဝစ္စလာမ်။

လေးစားပါတယ်ဗျာ
The Sage

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၅)

Filed under: သရာဝီဟ် — The Sage @ 2:03 pm

ဒီပို့စ်ကနေအစပြုလို့ ခေါင်းစဉ်ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ သရာဝီးဟ်အကြောင်းကို ရေးပါ့မယ်။

“သရာဝီးဟ်” ဆိုတာက ရမသွာန်လရဲ့ ညဘက်တွေမှာ (အိရှာဆွလားသ်အပြီး) ဂျမာအသ်နဲ့ဆွလားသ် ဝတ်ပြုခြင်းကို ခေါ်တာပါ။ အချိန်အကန့်အသတ်ဘောင်
ကတော့အိရှာအပြီးမှဖွဂျရ်ဆွလားသ်အချိန်မစခင်အထိပါ။ ရမသွာန်လမှာညဘက်ဆွလားသ်ဝတ်ပြုဖို့ကိုယ်တော်မြတ်(ဆွလ်လလ္လာဟ်ဟုအလိုင်ဟိဝစ္စလာမ်)က
တိုက်တွန်းထားကြောင်း ဆွဟီးဟ်ဗုခါရီကျမ်းမှာ ခုလိုလာရှိပါတယ်။

အလ္လာဟ့်တမန်တော်က ရမသွာန်လနှင့်ပတ်သတ်၍ (ဤသို့) မိန့်တော်မူခဲ့သည် ကို ကျွန်တော်ကြားခဲ့ရပါသည်။ တစ်စုံတစ်ယောက်သည်ရမသွာန်လ
တွင် ရိုးသား ဖြူစင်သောစိတ်ဓာတ်နှင့် အလ္လာဟ်အရှင်မြတ်အထံတော်မှအကျိုး မျှော်ကိုးပြီး ညဘက်တွင်ဆွလားသ်ဝတ်ပြုပါက ထိုသူ၏အတိတ်မှအပြစ်
များအားလုံးသည် ခွင့်လွှတ်ခြင်းခံရမည် ဖြစ်သည်။

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ်ဟုသအာလာ) သခင်ကျမ်း-ဆွဟီးဟ်ဗုခါရီကျမ်း၊ အတွဲ (၃) ကျမ်းငယ် အမှတ် (၃၂) ရမသွာန်လတွင် ညဘက်
ဝတ်ပြုခြင်း ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် (၂၂၆)။

ဗုခါရီကျမ်းလာနောက်ဟဒီးစ်တော်တစ်ပုဒ်မှာတော့

တစ်ညမှာကိုယ်တော်မြတ်(ဆွလ်လလ္လာဟ်ဟုအလိုင်ဟိဝစ္စလာမ်)ဟာဗလီထဲမှာဆွလားသ်ဝတ်ပြုခဲ့ပါတယ်။ အခြားသူတွေဟာကိုယ်တော်မြတ်နောက်ကနေ
လိုက်ဝတ်ပြုခဲ့ကြတယ်။ နောက်ညမှာလည်းကိုယ်တော်မြတ်ဟာ ဆွလားသ် ဝတ်ပြုခဲ့တယ်။လူတွေအများကြီးစုသွားခဲ့တယ်(လူတွေအများကြီးကနောက်ကနေ
လိုက် ဝတ်ပြုခဲ့တယ်)။ တတိယနဲ့စတုတ္ထညမှာ လူတွေပိုများလာခဲ့တယ်၊ ဒါပေမယ့် ကိုယ်တော်မြတ်က (ဆွလားသ် ဦးဆောင်ဝတ်ပြုဖို့) ထွက်မလာခဲ့ဘူး။
မနက်ကျတော့ ကိုယ်တော်မြတ်က မိန့်တော်မူတယ်၊ “သင်တို့ဘာလုပ်နေခဲ့လဲဆိုတာ ငါကိုယ်တော် တွေ့တယ်၊ (သင်တို့ဆွလားသ်ဝတ်ပြုဖို့စောင့်နေတာကို)
သင်တို့အပေါ် ဖွရဇ် ဖြစ်သွားမှာ ငါကိုယ်တော် စိုးရိမ်လို့ ထွက်မလာခဲ့တာပါ။” အဲဒါရမသွာန်လရဲ့ညမှာပါ။

အထက်ပါဟဒီးစ်တော်တွေ အရ သိရတာက ရမသွာန်လရဲ့ ညတွေမှာ ဆွလားသ်ဝတ်ပြုခြင်း (သရာဝီးဟ်) ဟာအလွန်ကိုကောင်းမြတ်ပြီးအကျိုးဆွဝါးဗ်ရတဲ့
ကျင့်စဉ်ဖြစ်ပေမယ့် ဖွရဇ်မဟုတ်ဘူး၊ ဝါဂျိဗ်မဟုတ်ဘူးဆိုတာပါ။ တတ်နိုင်တဲ့လူဝတ်ပြု၊ မတတ်နိုင်တဲ့လူမဝတ်ပြုလို့ရပါတယ်။ တစ်ချို့လူတွေဟာသရာဝီးဟ်
ဆွလားသ်ကို ဖွရဇ်လိုလို ဝါဂျိဗ်လိုလို မှတ်ယူပြောဆို တတ်ကြပါတယ်။ တစ်ချို့ကဘယ်လောက်တောင်ပြောကြထင်မှတ်ကြသလဲဆိုရင်၊ သရာဝီးဟ်မဖတ်ရင်
ဘဲ ဆွိယာမ်အထမမြောက်သယောင်ယောင်၊ အလွန်ငရဲကြီး သယောင်ယောင်။ တစ်ချို့က “ကျွန်တော့်မှာ အစာအိမ်ရှိတယ်” ဆိုပြီး (အစာအိမ်ရှိတယ်သာပြော
တာဆေးလိပ်နဲ့ကွမ်းကတော့မပြတ်)နေ့ဘက်သာဆွိယာမ်မထားတာညဆိုရင်တော့သရာဝီးဟ်ကိုတော့ပုံမှန်ဖတ်ကြတယ်။ အရေးကြီးတာနဲ့အရေးမကြီးတာ
ဘယ်ဟာကို ဦးစားပေးရမှန်းမသိကြဘူး။ အဲ…….တစ်ချို့တစ်ကယ်ဘဲ ဝေဒနာကြောင့် ဆွိယာမ်မထားနိုင်တဲ့ သူတွေ သရာဝီးဟ် ကို ကြိုးစားပမ်းစား ဖတ်ရှာ
တာတော့ ချီးကျူးစရာပါ။ အဓိက က ဆွိယာမ်ပါ။ တော်ရုံတန်ရုံ အစာအိမ်အချဉ်ပေါက်တတ်တဲ့ သူမျိုးကဆွိယာမ်ဆောက်တည်ရင်ဘာမှမဖြစ်တဲ့အပြင်ရောဂါ
တောင် ပိုသက်သာလာတယ်ဆိုတာ လက်တွေ့ စမ်းသပ်ကြည့်သူတွေသိသွားမှာပါ။

ရေးပါဦးမယ်။

လေးစားပါတယ်ဗျာ
The Sage

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၄)

Filed under: ဆွိယာမ်,လမြတ်ရမသွာန် — The Sage @ 1:58 pm

လမြတ် ရမသွာန်၊ ဆွိယာမ် နဲ့ ပတ်သတ်တဲ့ အမိန့်တော် ၊ ထူးမြတ်မှု တွေ ကို ကုရ်အာန် အာယဟ်တော် နဲ့ဆွဟီးဟ်ဟဒီးစ်တော် တွေကို ကိုးကားပြီး
အကျဉ်းရုံး တင်ပြပြီးပါပြီ။ ယခုတစ်ခါ ဆွိယာမ် ရဲ့ ဥပဒေစည်းကမ်းတွေထဲ က အရေးကြီးတဲ့ အချို့အချက်တွေကို အကျဉ်းချုပ်တင်ပြပေးပါဦးမယ်။ဆွိယာမ်
ဟာ အရွယ်ရောက်ပြီးသူ မုစ်လင်မ် အမျိုးသားအမျိုးသမီးများ (ရူးသွပ်နေသူများ၊ နာမကျန်းသူ များ၊ သဘာဝအရ နေထိုင်မကောင်းသူ အမျိုးသမီးများ၊
ခရီးသည်များမှအပ) အပေါ် ဖရသွ် တာဝန်ရှိပါတယ်။ ခေတ္တ နာမကျန်းသူ နဲ့ ခရီးသည် တွေဟာ ပြန်လည် ကျန်းမာလာပြီ၊ ဌာနေရောက်ပြီ ဆိုတာနဲ့ပျက်
ကွက် ခဲ့တဲ့ ဆွိယာမ် အရေအတွက် ကို ပြန် လည်စောင့်ထိန်း ဖို့တာဝန်ရှိပါတယ်။ ဆွိယာမ်မဆောက်တည် နိုင်လောက်အောင် (သို့) ဆွိယာမ်ဆောက်တည်
လိုက်ရင် ကျန်းမာရေး ထိခိုက်နိုင်သူ တွေ အသက်အရွယ်ကြီးရင့်သူများ အနေနဲ့ကတော့အကယ်၍တတ်နိုင်ရင်မရှိဆင်းရဲသားတွေကိုပျက်ကွက်သလောက်
ရက်တွက်ပြီး တစ်နပ်စာ ကျွေးမွေးရပါမယ်။ သဘာဝအရ နေထိုင်မကောင်းသူအမျိုးသမီးတွေ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာနေထိုင်မကောင်းတဲ့ကာ
လပြီးဆုံး မွေးဖွားပြီး ပြန်လည်ပုံမှန် ဖြစ်ပြီပြီဆိုတာနဲ့ ပျက်ကွက်ခဲ့သမျှကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းဖို့တာဝန် ရှိပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် ၂၊ အာယဟ်တော် ၁၈၅ မှာ အလ္လာဟ်အရှင်မြတ်က

……….သို့ဖြစ်လေရာ အသင်တို့အနက်မှ မည်သူမဆို ထို (ရမသွာန်) လမြတ်နှင့် ကြုံကြိုက်ခဲ့ပါလျှင်ထိုသူသည် ယင်းလမြတ်၌
(တလပတ်လုံး) ဥပုသ် သီတင်းဆောက်တည်ရပေမည်။ သို့ရာတွင် အကြင်သူတစ်ဦးတစ်ယောက် သည်တစုံတရာဝေဒနာစွဲကပ်
၍ မကျန်းမမာဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ခရီးထွက်လျက်ရှိနေခဲ့သော် ထိုသူ့အပေါ်ဝယ် အခြားသောနေ့ရက်များတွင် (မိမိ
ပျက်ကွက်ခဲ့သော ဥပုသ် ရက် များကို)တွက်စစ်၍ (ဖြည့်စွက်) ဆောက် တည်ရန် တာဝန်ရှိပေသည်။ အလ္လာဟ်အရှင်မြတ်သည်
အသင်တို့အဘို့သက်သာချောင်ချိမှုကို အလိုရှိတော်မူပေသည်။ အသင်တို့အဖို့ခက်ခဲ မှု ကိုကား (အလျင်း) လိုလားတော် မူသည်
မဟုတ်ချေ။ ထို့ပြင်တဝ(အလ္လာဟ်အရှင်မြတ်သည်) အသင်တို့ (ပျက်ကွက်ခဲ့သော နေ့ရက်) အရေအတွက်ကိုပြည့်စုံအောင်ပြုစေ
ရန်၎င်း၊ အလ္လာဟ်အရှင်မြတ်အားထိုအရှင်မြတ်ညွှန်ပြတော်မူသောနည်းလမ်းအတိုင်းကြီးကဲမြင့်မြတ်တော်မူကြောင်းရွတ်ဆိုကြရန်
၎င်း (အလိုဆန္ဒ ရှိတော်မူသည်) ၊ သို့မှသာလျှင်အသင်တို့သည် (ထိုအရှင်မြတ် ၏) ကျေးဇူးကိုသိသောသူ များ ဖြစ်ကြရာသည်။

ဆွိယာမ် မဆောက်တည်နိုင်သူတွေ ဟာ မရှိဆင်းရဲသားတွေ ကို ကျွေးမွေးရတယ်ဆိုတဲ့ အမိန့်တော်ကတော့

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် ၂၊ အာယဟ်တော် ၁၈၄ မှာပါ။

………..တဖန်အကြင်သူတို့သည် ခဲယဉ်းစွာ သီလဆောက်တည် ကြရပါမူ ယင်းသူတို့သည် (ထိုပျက်ကွက်သော နေ့ရက်များ)
အစား (တရက်လျှင်) သူဆင်းရဲ တစ်ဦးကို (ထမင်းတရက်စာ) ကျွေးမွေးကြရမည်။

အချို့ပညာရှင်တွေက အထက်ပါအာယဟ် တော်မှာပါတဲ့ “ခဲယင်းစွာသီလဆောက်တည်” ဆိုတဲ့ စာရင်းမှာအသက်အရွယ် ကြီးရင့်သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်
လောင်းတွေ၊ မွေးစလသား အရွယ်ကလေးကို မေတ္တာရည် တိုက်ကျွေးအာဟာရ ဖြည့်ပေးနေတဲ့မိခင်တွေကိုထည့်သွင်းနားလည်ထားပါတယ်။ ကျွန်တော်လည်း
အဲဒီအဆိုကို လက်ခံပါတယ်။

ဆွိယာမ် ဆောက်တည်နေသူဟာမိမိရဲ့အတွေး၊အပြောအဆို၊အမူအရာ၊အပြုအမူတွေကိုအထူးထိန်းသိမ်းရပါမယ်။ ဘာလို့လဲဆိုတော့ဆွိယာမ်အထမမြောက်မှာ
ကို စိုးရိမ်ရလို့ပါ။ ဒါနဲ့ပတ်သတ်ပြီး ဆွဟီးဟ်ဗုခါရီကျမ်းလာ ဟဒီးစ်တော်တစ်ပုဒ် ကို တင်ပြပေးပါ့မယ်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်တော် မူ ခဲ့သည်မှာ၊ “အချည်းနှီး အကျိုးမဲ့ စကားပြောဆိုခြင်း၊ မကောင်းမှုများ ကို
ကျူးလွန်ခြင်း ကိုမစွန့်လွှတ်သောသူ ၏ စားဖွယ် သောက်ဖွယ် စွန့်လွှတ်မှု(ဆွိယာမ်) ကို အလ္လာဟ်အရှင်မြတ် သည် အလိုမရှိပေ။”

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ အတွဲ (၃) ကျမ်းငယ်အမှတ် (၃၁) ဆွိယာမ်ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် ၁၂၇။

အထက်ပါဟဒီးစ် တော်ပါ “အချည်းနှီး အကျိုးမဲ့ စကားပြောဆိုခြင်း၊ မကောင်းမှုများ ကို ကျူးလွန်ခြင်း” ဆိုတာ ဘာကိုဆိုလိုလဲဆိုတော့ လိမ်ညာမုသားပြောဆိုခြင်း၊
နောက်ကွယ် အတင်းပြောခြင်း၊ သူတစ်ပါးအား ရှုံ့ချပြောဆိုခြင်း၊ ခိုးဝှက်ခြင်း၊ သူတစ်ပါးအား သက်သက်အနိုင် ကျင့်ခြင်း၊ သူတစ်ပါးအား ခိုင်လုံသော အကြောင်းပြ
ချက် တစ်စုံတစ်ရာမရှိဘဲ နာကျင် အောင်ပြုခြင်း၊ တရားတော်မှတားမြစ်ထားသော ကိစ္စများခိုးပြုခြင်း (ဥပမာ-သီချင်း နားထောင်ခြင်း၊ ဇာတ်လမ်းရုပ်ရှင်ကြည့်ခြင်း၊
ပွဲလမ်းသဘင်သွားခြင်း၊ ကာမဂုဏ်ကိစ္စများကို အတား အဆီးမရှိတွေးတောခြင်း၊ သာယာစေရန်တမင်တွေးခြင်း စတဲ့ အချက်တွေကို ဆိုလိုတာပါ။ ဒီတော့ ဆွိယာမ်
ဆောက်တည်တဲ့ သူဟာ အထူး ထိန်းထိန်း သိမ်းသိမ်း သတိကြီးကြီးနဲ့ နေထိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အထက်မှာဖော်ပြထားတဲ့ ပုံစံမျိုးတွေကို သာမန်အချိန်
တွေ မှာ ပြုမိရင် သာမန်အပြစ်ထိုက်ပြီး ဆွိယာမ် ဆောက်တည်နေတဲ့အချိန်မှာ ပြုမိရင်တော့ အလ္လာဟ်အရှင်မြတ် အလိုမရှိတော်မူတဲ့ စာရင်းဝင် ဖြစ်သွားမှာမို့လို့ပါ။

ဆွိယာမ်နဲ့သက်ဆိုင်တဲ့ ဆောင်ရန် ၊ ရှောင်ရန် အသေးစိတ်တွေကိုတော့မိမိတို့မတ်စ်လတ်က်အလိုက်နီးစပ်ရာအာလင်မ်တွေထံမှာမေးမြန်းကြပါ။ မေးမြန်းရင်လည်း
ကုရ်အာန် ဟဒီးစ် အထောက်အထားတောင်းဆိုပါ။

ပို့စ်ခေါင်းစဉ် ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ “လမြတ်ရမသွာန်၊ ဆွိယာမ်……….” ကို ဒီတင်ဘဲ အဆုံးသတ်လိုက်ပါရစေ။

လေးစားပါတယ်ဗျာ

The Sage

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၃)

Filed under: ဆွိယာမ်,လမြတ်ရမသွာန် — The Sage @ 1:03 pm

အောက်ကပို့စ်မှာ ရမသွာန် ၊ဆွိယာမ် ရဲ့ ထူးမြတ်မှု ကို ဖော်ကျူးထားတဲ့ ဆွဟီးဟ်ဗုခါရီလာ ကိုယ်တော်မြတ် ရဲ့ရွှေနှုတ်တော်ထွက် ဟဒီးစ် ဩဝါဒတော် ၃ ပုဒ် ကို
တင်ပြခဲ့ပါတယ်။ ယခုပို့စ် မှာတော့ ဆွဟီးဟ် မုစ်လင်မ်ကျမ်းလာ ဟဒီးစ်တော် ၃ ပုဒ်ကို တင်ပြပေးပါ့မယ် ခင်ဗျား ။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ “ရမသွာန်လမြတ် ရောက်သည့်အခါမဟာကရုဏာတော် တံခါးများသည် ဖွင့်လှစ်ခြင်း
ခံရပြီး၊ ငရဲ တံခါးများ သည် ပိတ်ပစ်ခြင်းခံရလေသည်။ ၎င်းပြင် မိစ္ဆာကောင်များသည် ခြေကျင်းခတ်ခြင်းခံကြရလေသည်။”

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် မုစ်လင်မ်၊ ကျမ်းငယ် (၆) ဆွိယာမ် ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၂၃၆၁)။

အလ္လာဟ်အရှင်မြတ် ရဲ့ မဟာကရုဏာတော်ဟာ အဖန်ဆင်းခံတွေအပေါ် အမြဲကျရောက်နေ တာပါ။ ဒီဟဒီးစ်တော်မှာ ပါတဲ့ “မဟာကရုဏာတော် တံခါးများ” ဆိုတာ
ဂျန္နဟ် ရဲ့ တံခါးတွေကို ဆိုလိုတယ်လို့ယူဆနိုင်ပါတယ်။ မိစ္ဆာကောင် ဆိုတာက ဂျင်န်အနွယ် ရှိုင်သွာန် တွေကိုပြောတာပါ။ ဂျင်န်အနွယ် ရှိုင်သွာန်ကောင်တွေ အချုပ်
ခံရ ပေမယ့် သူတို့ရဲ့ မိတ်ဆွေရောင်းရင်းတွေဖြစ်တဲ့ လူရှိုင်သွာန်တွေကရမသွာန် လမှာ ပိုပြီးထကြွ တတ်ပါတယ်။ အဲဒါကို သတိထားဖို့လိုပါတယ်။

ဒုတိယ ဟဒီးစ် တော်တစ်ပုဒ်ကတော့………..

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ “အလ္လာဟ်အရှင်မြတ် ၏ လမ်းတော် တွင်(အလ္လာဟ်အရှင်မြတ် အတွက်ရည်စူး၍) ဆောင်မ်
တစ်ရက်ဆောက်တည်သူအတွက်အလ္လာဟ်အရှင်မြတ်က ထိုသူရဲ့ မျက်နှာ ကို ငရဲမီးနှင့် (ဂျဟန္နမ်နှင့်) နှစ်ပေါင်း ခုနှစ်ဆယ် နှင်ရသည့် အကွာအဝေး၌
ထားတော်မူမည်”။

ဆင့်ပြန်သူ-အဗူစအီးဒ် ခုဒ်ရီ (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် မုစ်လင်မ်၊ ကျမ်းငယ် (၆) ဆွိယာမ် ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၂၅၇၂)။

တစ်ရက် ဆောင်မ် ဆောက်တည် ရုံ နဲ့ ငရဲမီး နဲ့ နှစ်ပေါင်း ခုနှစ်ဆယ် အကွာအဝေးမှာ ထားတော်မူမယ်ဆိုရင်၊ ရက်ပေါင်း (၃၀) (သို့) (၂၉) ဆိုရင် နှစ်ပေါင်း ၂၁၀၀
(သို့) ၂၀၃၀ ပါ။ သို့သော် ဆွိယာမ်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့တော့ အတိအကျ ကိုက်ညီ ရပါ့မယ်။ ချွတ်ယွင်းချက် တွေနဲ့ ဆွိယာမ် (ဥပမာ-ဆောင်မ် ဆောက်တည်ပြီး
အတင်းပြောခြင်း၊ဆဲဆိုခြင်း၊ဒေါသထွက်ခြင်း) မဖြစ်ဖို့တော့လိုတယ်လို့ ယူဆပါတယ်။

ခုတစ်ခါတင်ပြမှာက တတိယမြောက်ဟဒီးစ်တော်ပါ။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ “ဂျန္နဟ် သုခဘုံ ဥယျာဉ်တွင် ရေယန် မည်သောတံခါးပေါက်ရှိ၏။ ဆွိယာမ်ဆောက်တည်သူများ
မှအပ အခြားမည်သူမျှ ကိယာမဟ် နေ့တွင် ထိုတံခါးပေါက်မှဝင်ခွင့်ရကြမည်မဟုတ် (ဆွိယာမ်ဆောက်တည် သူများအတွက် သီးသန့်တံခါး ဖြစ်၏)၊ ထိုနေ့
တွင် “ဆွိယာမ်ဆောက် တည် သူများအဘယ်သို့ ရောက်နေကြသနည်း။ ဤ တံခါးမှ ဝင်ကြရန်ဖြစ်သည်”(ဆွိယာမ်ဆောက်တည် သူများ ဤတံခါးမှ ဝင်ကြ)။
ဆွိယာမ်ဆောက်တည် သူများ အနက်မှ နောက်ဆုံး လူ ဝင်ရောက်ပြီးသည့် အခါ ထိုတံခါးသည် ပိတ်သွားမည်ဖြစ်ပြီး အခြားမည်သူမျှ ထိုတံခါး မှ ဝင်ကြရ
မည်မဟုတ်ပေ။”

ဆင့်ပြန်သူ-စဟလ် ဘင်န် စအဒ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် မုစ်လင်မ်၊ ကျမ်းငယ် (၆) ဆွိယာမ် ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၂၅၆၉)။

ညီအစ်ကိုတော် ညီအစ်မတော် အားလုံး အထက်ပါဟဒီးစ်တော်မှာ ညွန်းထားတဲ့ "ဆွာအင်မ် များအတွက်သာ"ဆိုတဲ့ ရေယန် တံခါးပေါက်ကနေ ဝင်ခွင့် ရရှိကြပါစေ လို့
အလ္လာဟ်အရှင်မြတ် ထံတော်ပါးမှာ ဆုမွန်ကောင်းတောင်းရင်း……….. ခဏနားပါဦးမည်ခင်ဗျား။

လေးစားပါတယ်ဗျာ
The Sage

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၂)

Filed under: ဆွိယာမ်,လမြတ်ရမသွာန် — The Sage @ 1:00 pm

အလ္လာဟ် အရှင်မြတ် အလိုတူတော်မူသဖြင့် ရမသွာန်လမြတ် နှင့် ဆွိယာမ် တို့၏ ထူးမြတ်မှုများနှင့်ပတ်သတ်သည့် ကိုယ်တော်မြတ် ၏ ရွှေနှုတ်တော်ထွက် ဟဒီးစ်တော်များကို တင်ပြခွင့် ကျွန်တော်ရရှိပေပြီ။ ရမသွာန်လမြတ် နှင့် ဆွိယာမ် တို့၏ ထူးမြတ်မှု နှင့်ပတ်သတ်သည့် ဟဒီးစ်တော်အမြောက်အများရှိသော်လည်း ဤ ပို့စ် တွင် အနည်းငယ်မျှကို သာ တင်ပြရန် ရည်ရွယ်ထားပါသည်။ တင်ပြပါရစေလားခင်ဗျာ….။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ “အစ္စလာမ် သည် ငါးခုသော အရာကိုအခြေခံထားသည်။ (၎င်းတို့မှာ)

၁။ အလ္လာဟ်အရှင်မြတ် မှ အပအခြားမည်သူ မှ ကိုးကွယ်ခြင်းခံမထိုက်၊ မုဟမ္မဒ် သည် အလ္လာဟ်အရှင်မြတ် ၏တမန်တော်ဖြစ်သည် ဟု သက်သေခံခြင်း။

၂။ ဆွလားသ် ကို တာဝန်ကျေအောင် နှင့် အပြည့်အဝ ဝတ်ပြုတည်ဆောက်ခြင်း။

၃။ ဇကားသ် ပေးခြင်း။

၎။ ဟဂ်ျ ပြုခြင်း။

၅။ ရမသွာန်လတွင် ဆွိယာမ် ဆောက်တည်ခြင်း။

ဆင့်ပြန်သူ-အိဗ်နိ အုမရ် (ရသွီယလ္လာဟ်ဟု သအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ အတွဲ (၁)၊ ကျမ်းငယ်အမှတ် (၂) ယုံကြည်ချက်ဆိုင်ရာ ကျမ်းငယ်၊ ဟဒီးစ်အမှတ် (၇)။

အထက်ပို့စ် မှာတင်ပြ ခဲ့တဲ့ ကုရ်အာန်န် အာယဟ်တော်တွေမှာ အလ္လာဟ်အရှင်မြတ် ကရမသွာန် နဲ့ ဆွိယာမ်ရဲ့ထူးမြတ်မှုတွေ ကို မိန့်ကြားထားတာတင်ပြခဲ့ပါတယ်။ ယခုတင်ပြလိုက်တဲ့ ဗုခါရီ ကျမ်းလာ ဟဒီးစ်တော်မှာတော့ ကိုယ်တော်မြတ် က ဆွိယာမ်ဟာ အစ္စလာမ့် အုတ်မြစ် ငါး ခု ထဲက တစ်ခု အပါအဝင် ဖြစ်တယ်လို့ထပ်ဆင့်ရှင်းလင်းတော်မူထားပါတယ်။ ဒီဟဒီးစ်တော်မှာ မိန့်ထားတဲ့ဆွိယာမ် ဟာအခြားအချိန်အခါတွေမှာကိုယ့် ဆန္ဒနဲ့ကိုယ် ရည်ရွည်ပြီး ဆောက်တည် တဲ့ နဝါဖွိလ် ဆွိယာမ် တွေ မဟုတ်ပါဘူး။ရမသွာန်လ မှာဆောက်တည် တဲ့ ဆွိယာမ် ပါ။

ဗုခါရီ ကျမ်းလာ နောက်ဟဒီးစ် တော် တစ်ပုဒ်ကို တင်ပြပါဦးမယ်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်တော် မူ ခဲ့သည်မှာ၊ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်။ “အာဒမ် (အလိုင်ဟိစ္စလာမ်) ၏ သားမြေးတို့ပြုလုပ်သော ကောင်းမှု ဟူသရွေ့ သည်၎င်း တို့အဖို့သာဖြစ်သော်လည်း၊ ဆွိယာမ် ဆောက်တည်ခြင်းမှာမူ ငါ ၏ အတွက်ဖြစ်လေသည်။ သို့အတွက် ငါ ကိုယ်တိုင် ဆုလာဘ် ချီးမြှင့်တော် မူမည်ဖြစ်သည်။” ဆွိယာမ် သည် ငရဲမီးနှင့် ပြစ်မှုဒုစရိုက်တို့မှ ကာကွယ်ပေးသော ဒိုင်း (လွှား၊ကာ) ဖြစ်လေသည်။ သင်တို့အနက်တစ်ဦးတစ်ယောက်သည် ဆွိယာမ်ဆောက်တည်သည့် အခါ မိမိ ၏ ဇနီးနှင့် ကိုယ်လက် နှီးနှောခြင်း၊ အငြင်းအခုံပြုခြင်း တို့ကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ အခြားတစ်စုံတစ်ဦးက ဆွိယာမ် ဆောက်တည်နေသူအား လာရောက် အငြင်းအခုံပြု ၊ခိုက်ရန်ပြုလာလျှင်၊ “ကျွန်ပ် သည် ဆွာအိမ် (ဆွိယာမ် ဆောက်တည်သူ) ဖြစ်သည်” ဟုပြောဆိုရမည်။ ငါ ၏ အသက်ဝိညာဉ် ကို စိုးပိုင်တော် မူသော အလ္လာဟ်အရှင်မြတ် ကို တိုင်တည်၍ ငါပြောမည်။ဆွိယာမ် ဆောက်တည်သော သူ ၏ ခံတွင်းမှ ထွက်သော မသာယာဖွယ် အနံ့ သည် အလ္လာဟ်အရှင်မြတ်အထံတော်တွင် မူရှ်က် (ကတိုးနံ့) ထက် သာလွန် ပေသည်။ ဆွိယာမ် ဆောက်တည်သူ အတွက်ဝမ်းမြောက်ဖွယ်ရာ ကောင်းခြင်း နှစ်ခု ရှိသည်။ တစ်ခုသည် အိဖ်ွသာရ် လုပ်နေချိန်တွင် ဖြစ်ပြီး၊ ကျန်တစ်ခုသည်သူ၏ အရှင်နှင့်တွေ့ဆုံ ချိန်တွင်ဖြစ်လိမ့်မည်၊ ထိုအခါ သူ၏ ဆွိယာမ် အတွက်ကျေနပ်နှစ်သိမ့်ပေလိမ့်မည်။

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ အတွဲ (၃) ကျမ်းငယ်အမှတ် (၃၁) ဆွိယာမ်ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် ၁၂၈။

ဒီ ဟဒီးစ်တော်မှာ တော့ ဆွိယာမ် ကျင့်စဉ်ဟာ အခြားကျင့်စဉ်တွေနဲ့ မတူကြောင်း၊ အလ္လာဟ်အရှင်မြတ်အလွန်နှစ်သက်တော်မူ တဲ့ ကျင့်စဉ် ဖြစ်ကြောင်း မိန့်တော်မူထားပြီး၊ ဆွာအိမ် တွေရရှိမယ့် အကျိုးဆုလာဘ် အကြောင်းကိုလည်း မိန့်တော်မူထားပါတယ်။ ပြီးတော့ ဆွိယာမ် ဆောက်တည်နေသူ တွေ အထူးရှောင်ကြဉ်ရမယ့် အချက်အချို့ကိုလည်း မိန့်တော် မူထားပါသေးတယ်။

နောက်ထပ် ဟဒီးစ် တော် တစ်ပုဒ် ကို လည်းတင်ပြပါဦးမယ်။ ဆွဟီးဟ် ဗုခါရီကျမ်းလာပါဘဲ။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ စစ်မှန်ဖြူစင်သော ယုံကြည်ခြင်း သဒ္ဓါတရားထားရှိပြီး၊အလ္လာဟ်အရှင်မြတ် အထံတော်မှ အကျိုး ဆုလာဘ် မျှော်ကိုး၍ ရမသွာန် လတွင် ဆွိယာမ် ဆောက်တည်သည့် လူ၏ အတိတ်တွင်ပြုခဲ့သော အပြစ်များအားလုံးကို အလ္လာဟ် အရှင်မြတ်က ခွင့်လွှတ်တော်မူမည်။

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ အတွဲ (၁)၊ ကျမ်းငယ်အမှတ် (၂) ယုံကြည်ချက်ဆိုင်ရာ ကျမ်းငယ်၊ ဟဒီးစ်အမှတ် (၃၇)။

ဒီ ဟဒီးစ်တော် နဲ့ ပတ်သတ်ပြီး အချို့က မေးလာနိုင်ပါတယ်။ “ရမသွာန်လ မှာ ဆွိယာမ် ဆောက်တည်လိုက်တာနဲ့အရင်က အပြစ်တွေအားလုံး ခွင့်လွှတ် မယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ? ပြုတဲ့အမှု သေးသေးလေးအတွက် ရတဲ့အကျိုးက အဲလောက်ကြီးနေတာ၊ ဒီဟဒီးစ် က စစ်မှန်တဲ့ဟဒီးစ် ဟုတ်ပါ့မလား? ဖြစ်နိုင်ပါ့မလား?” ကျွန်တော့်ရဲ့အဖြေကတော့ အလ္လာဟ် အမိန့်ပေးထားတဲ့ ဆွိယာမ် ကို ခြွင်းချက် အနာအစာ မရှိ သာဆောက်တည်လိုက်ပါ။ အလ္လာဟ် အရှင်မြတ် က မုချ ခွင့်လွှတ်တော်မူမှာပါ ဆိုတာပါ။

အင်န်ရှာအလ္လာဟ် ဟုသအာလာ၊ နောက်ပို့စ်မှာ ဆွဟီးဟ် မုစ်လင်မ် ကျမ်းလာ ဟဒီးစ်တော် သုံးပုဒ် ကို တင်ပြပေးပါ့မယ်။

လေးစားပါတယ်ဗျာ
The Sage

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၁)

Filed under: ဆွိယာမ်,လမြတ်ရမသွာန် — The Sage @ 12:55 pm

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏။

ဗရကားသ်ဖြင့် လွှမ်းမိုးခဲ့သော ရဂျဗ် လ ကုန်ဆုံးပြီး၊ ဗရကားသ် ဖြင့် အတိပြီးသော ရှအ်ဗာန် လ သည်လည်း ရက်သတ္တ ကုန်ခဲ့၍၊ ရဟ်မသ်၊ ဗရ်ကသ်၊ မဂ်ဖွိရသ် စသည့် ကောင်းခြင်းအဖြာဖြာ ဖြင့် ကျွန်တော်တို့ လွှမ်းခြုံ ခြင်းခံရမည့် ရမသွာန် လမြတ် သည် တစ်ရွေ့ရွေ့နီးကပ်လာနေပြီ။ ထိုမြတ်သော လ ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ဤ “လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်” ဟူသော ခေါင်းစဉ် ကို ကျွန်တော်ရေးသားရခြင်းဖြစ်ပါသည်။ ရမသွာန် လမြတ် တွင် ကျင့်ဆောက်တည်ရသော ဆွိယာမ်ကျင့်စဉ်၊ သရာဝီဟ် ကျင့်စဉ်၊ ဇကားသ် (ဆင်းရဲသား ရပိုင်ခွင့်) တို့ ၏ အကြောင်းကိုကျွန်တော်မှတ်သားထားသမျှ မှတ်စုများ ထဲမှ ထုတ်နှုတ် ရေးသား တင်ဆက်သွားပါမည်။

အင်န်ရှာအလ္လာဟ် ဟု သအာလာ လမြတ် ရမသွာန် ၏ ဆန်းဦးစ လ ကို မမြင်တွေ့မီ ဤ တော့ပစ်အားအပြီးရေး မည် ဟု ရည်ရွယ်ထားပါသည်။ အို-အလ္လာဟ် အရှင်မြတ်၊ ကျွန်တော်မျိုးအား အင်အားပေးသနားတော်မူပါ။

အာမီးန်…………………….။

ရမသွာန် လမြတ် ၏ ထူးမြတ်မှု နှင့် ဆွိယာမ်

ရမသွာန် လမြတ် ၏ ထူးမြတ်မှု နှင့်ပတ်သတ်၍ အလ္လာဟ်အရှင်မြတ် ၏ မိန့်ကြားချက်များ ဖြစ်သောကျမ်းတော်မြတ် ကုရ်အာန် အာယဟ်တော် များကို ဦးစွာ တင်ပြပါမည်။ ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော်၂၊ အာယဟ်တော် ၁၈၅ တွင်

( “ဆွိယာမ်” ဥပုသ် ဆောက်တည်ရန် အတွက် သတ်မှတ်ထားသည့် အနည်းငယ်မျှသော နေ့ရက် များသည်) ရမသွာန် လ ပင် ဖြစ်သည်။ (ထိုလ၌ အလ္လာဟ်အရှင်မြတ် အထံတော်မှ) ကုရ်အာန် ကျမ်းတော်မြတ်သည်ကျရောက်လာ ခဲ့လေသည်။ (ယင်းကုရ်အာန်ကျမ်းတော် မြတ်သည်) လူသားခပ်သိမ်း တို့အဘို့ တရားဓမ္မအဖြစ် ၎င်း၊ တရားလမ်းမှန် ရစေသော အမှားအမှန် ကို ခွဲခြားသိစေသော ထင်ရှားလှသည့် သက်သေခံလက္ခဏာများ အဖြစ်၎င်း (ကျရောက်လာသော ကျမ်းတော်မြတ် ပင်တည်း)။ သို့ဖြစ်လေရာ အသင်တို့အနက်မည်သူမဆို ထို (ရမသွာန်) လမြတ်နှင့် ကြုံကြိုက်ခဲ့ပါ လျှင် ထိုသူသည် ယင်းလမြတ်၌ (တလပတ်လုံး) ဥပုသ် သီတင်း ဆောက်တည် ရပေမည်။…….။

(more…)

“မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (၉)

အလ်ဟဂ်ျရ် အလ်အဆ်ဝဒ် (ကျောက်နက်တုံး) အငြင်းပွါးမှု

ကိုယ်တော်မြတ်၏ သက်တော် သုံးဆယ့်ငါးနှစ် အရွယ်တွင် ရေလွှမ်းမိုးမှုကြီး တစ်ခုကြောင့် ကအ်ဗဟ် ကျောင်းတော် ပျက်စီးယိုယွင်း ခဲ့ရ လေသည်။ ကအ်ဗဟ် ကျောင်းတော် နံရံများသည် ရေမလွှမ်းမိုးမှီအလျှင်က ဖြစ်ပွါးခဲ့သော မီးလောင်မှု တစ်ခု ကြောင့် အတန် ပျက်စီးနေခဲ့ပြီး ရေလွှမ်းမိုးသည့်ဒဏ်ကြောင့်ပို၍ ပျက်စီးသွားခဲ့လေသည်။ ကုရိုက်ရှ် တို့အထွတ်အမြတ်ထားရာ အဆောက်အအုံ သည်ပြိုကျ ပျက်စီးတော့မည့် အလားပင်။

သူတို့အထွတ်အမြတ်ထားရာ အဆောက်အအုံ ပြိုကျ ပျက်စီးမည့် အရေးကို စိုးရိမ်ပြီး ကုရိုက်ရှ် တို့သည် ကအ်ဗဟ် ကျောင်းတော်ကို ပြန်လည် မွမ်းမံ တည်ဆောက်မှဖြစ်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ကအ်ဗဟ် ကျောင်းတော် ပြန်လည် မွမ်းမံ တည်ဆောက် သည့် စီမံကိန်း တွင် ပြည့်တန်ဆာလုပ်ငန်း၊အတိုးအညွန့်စားခြင်း၊ မတရားရယူထားသော ငွေကြေး၊ ပစ္စည်း စသည်တို့ကို လုံးဝမပါဝင်စေရဟု စည်းကမ်းသတ်မှတ် ခဲ့ကြသည်။

ကအ်ဗဟ် ကျောင်းတော် ကို မွမ်းမံတည်ဆောက်ရန် နံရံများကို ဖြိုချရမည် ဖြစ်ရာ၊ထိုသို့ဖြိုချ လျှင် အလ္လာဟ်အရှင်မြတ်သည် ကျောင်းတော်အား လက်ရောက်သူ အား ပြစ်ဒဏ် ခတ်မည်ကို စိုးရိမ် မိခဲ့ကြသည်။ သို့သော်ဝလီးဒ် ဘင်န် မုဂီရာ ဆိုသူက “အလ္လာဟ် အရှင်မြတ်သည် ကအ်ဗဟ် ကျောင်းတော် ကိုပြုပြင်ထိန်းသိမ်းရန် ရည်ရွည်ချက်ဖြင့် လက်ရောက်သူတို့အားပြစ်ဒဏ်ခတ်မည် မဟုတ်” ဟုကျွေးကျော်ပြီး ကအ်ဗဟ် နံရံကို ဖြိုချ ရန် ပထမဦးဆုံး အားထုတ်ခဲ့သူဖြစ်သည်။ ဝလီးဒ် ၏ အားထုတ်မှု နှင့် အလ္လာဟ့် ထံမှမည်သို့သော အပြစ်ဒဏ် မှ မကျရောက်သည်ကို တွေ့ရှိပြီးကျန်သူများကပါကအ်ဗဟ် နံရံများအား စတင် ဖြိုချကြလေတော့သည်။ ကအ်ဗဟ် ကျောင်းတော်၏ နံရံ တို့အား တမန်တော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) တည်ခဲ့သော အုတ်မြစ်ပေါ်လာသည်အထိ အောင်မြင်စွာ ဖြိုချ နိုင်ခဲ့ကြလေသည်။ ၎င်းနောက် မျိုးနွယ်စု အသီးသီးအတွက် သက်ဆိုင်ရာ တာဝန်များချမှတ်ပြီး ကအ်ဗဟ် ကျောင်းတော်တည်ဆောက်သည့် လုပ်ငန်းကို စတင်ခဲ့ကြတော့သည်။ လူအများထဲမှ ဂုဏ်သရေရှိ လူများသည်ကျောက်တုံးများကို သယ်ယူလာကြပြီးကျောင်းတော်အနီးတွင် ပုံထားကြလေသည်။ ကိုယ်တော်မြတ်သည်လည်း သူ၏ ဦးလေးတော် အဗ္ဗားစ်နှင့် အတူကျောက်တုံးသယ်သည့်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ဘကူးမ် အမည်ရှိ ရောမ လူမျိုး ပန်းရန် ပညာရှင်သည် ကအ်ဗဟ် ကျောင်းတော် တည်ဆောက်ရာအလုပ်တွင် ဦးဆောင်ခဲ့သည်။ ကုရိုက်ရှ်တို့သည် ကအ်ဗဟ် ကျောင်းတော်ကို အပြီးသတ် တည်ဆောက်ရန် လိုအပ်သော ငွေကို မစုဆောင်း နိုင်ခဲ့သဖြင့် မြောက်ဖက်နံရံနေရာတစ်ခုတွင် ကိုးပေခွဲခန့် ဧရိယာကိုသာ လွှမ်းခြုံနိုင်သော နံရံလေး တစ်ခုသာ တည်ဆောက်နိုင်ခဲ့ပြီး ထိုနံရံလေးအား ဟိဂ်ျရ် အိစ်မာအီလ် ဟုခေါ်ဆိုခဲ့ကြသည်။ နံရံတည်ဆောက်ရင်း အလ်ဟဂ်ျရ် အလ်အဆ်ဝဒ် (ကျောက်နက်တုံး) ထားရှိမည့် နေရာသို့ရောက်သောအခါ အငြင်းပွါးမှု တစ်ရပ် စတင်လေတော့သည်။
အားလုံးသော အနွယ်ခေါင်းဆောင်တို့က ကျောက်နက်တုံး ကို ကျောင်းတော်နံရံတွင်း ထည့်သွင်းသည့်တာဝန်ကို ယူလိုကြသည်။ ဤ အငြင်းပွါးမှုသည် လေးငါးရက်ခန့်ကြာမြင့်လာပြီး သွေးထွက်သံယို ဖြစ်ကြမည့် အခြေအနေ သို့ပင်ဆိုက်ရောက်ခဲ့ပေသည်။ထိုစဉ် လူအများထဲမှ အသက်အရွယ်အကြီးဆုံးဖြစ်သော အဗူ အုမိုင်ယ်ယာက အငြင်းပွါးမှုကို ပြေလည်စေမည့် အကြံပေးချက် တစ်ခုကို တင်ပြခဲ့လေသည်။သူ ၏ အကြံပေးချက်ကို အားလုံးက သဘောတူခဲ့လေသည်။ ထိုအကြံပေးချက်ကား ကအ်ဗဟ်ကျောင်းတော် အဝင်ဝ မှပထမဦး ဆုံး ဝင်ရောက်လာမည့် သူအား အငြင်းပွါးမှုကို ဖြေရှင်းရန်အာဏာလွှဲအပ်ရမည်ဟူ၍ပင်။ အလ္လာဟ်အရှင်မြတ်၏အလိုတော်အရ ကအ်ဗဟ်ကျောင်းတော် အဝင်ဝ မှပထမဦး ဆုံး ဝင်ရောက်လာသူသည် ကိုယ်တော်မြတ် ဖြစ်နေလေသည်။”ဟာ-မုဟမ္မဒ်ပါလား!!! သူက သစ္စာရှင် ဘဲ၊ ဒီတော့တို့အားလုံး သူ့ရဲ့ အဆုံးအဖြတ်ကို ခံယူကြမယ်”။ လူတို့က ဤသို့ ရေရွတ်ခဲ့ကြသည်။ သို့နှင့် ကိုယ်တော်မြတ်အားအကျိုးအကြောင်းရှင်းပြ ခဲ့ကြပြီးနောက် ကိုယ်တော်မြတ်က ပိတ်စ ကြီးကြီး တစ်စယူလာရန်ပြောလေသည်။ ထို့နောက် ကိုယ်တော်မြတ်သည် ကျောက်နက်တုံးအားထိုပိတ်စပေါ်တွင် တင်ထားခိုင်းပြီး မျိုးနွယ်အသီးသီး
၏ခေါင်းဆောင် အသီးသီးတို့အား ပတ်စကြီး၏အနားသတ်များကို ကိုင်ခိုင်းပြီး ပိတ်စကြီးအား တစ်ညီတစ်ညွတ်တည်း မခိုင်းလိုက်လေသည်။ ခေါင်းဆောင်အားလုံးတို့က ကျောက်နက်တုံးကို တင်ထားသော ပိတ်စကြီးအားမပြီး ကျောက်နက်တုံးထည့်သွင်းမည့် နံရံ ပေါက် အား တည်ပြီးသော်၊ ကိုယ်တော်မြတ်သည် ယင်း ကျောက်နက်တုံး အားသူ၏လက်တော်တို့ဖြင့်
နံရံပေါက်တွင်းသို့ တွန်းသွင်းလိုက်လေတော့သည်။ ကိုယ်တော်မြတ် ၏ ဤဆုံးဖြတ်ချက်နှင့် အမှုကို ခေါင်းဆောင်အားလုံးကအလွန်ကျေနပ် ပျော်ရွှင်ခဲ့ကြလေသည်။ ဤသို့ဖြင့် ကိုယ်တော်မြတ်သည် အလ်ဟဂ်ျရ်အလ်အဆ်ဝဒ် (ကျောက်နက်တုံး) အငြင်းပွါးမှု ကြီးကို ဖြေရှင်းပေးခဲ့သည်။

နောက်ရေးသားမည့်ခေါင်းစဉ်- တမန်တော်မဖြစ်ခင်က ကိုယ်တော်မြတ်
(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ စာရိတ္တတော်

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

“မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (၈)

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ အသက်မွေးဝမ်းကျောင်း

ဖခင် ၊ မိခင် နှင့် အဘိုးတို့ ဆုံးပါးပြီးနောက် ဦးလေးတော် ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာရသော ကိုယ်တော်မြတ် သည် ဆက်ခံစရာ မည်သည့်အမွေမှ မရှိသည့် ဆင်းရဲ
သား တစ်ဦး ဘဝဖြင့်သာရှိနေလေသည်။ အစတွင် မိမိ အသက်ရှင်နေ ထိုင် ဖို့ရာ အလုပ်အကိုင် အဖြစ် ဗနူ စအဒ် အနွယ် ပိုင်ဆိတ်များကို ကျောင်းခဲ့သော် လည်း ဆီးရီးယား
မရောက်ခင် မက္ကဟ် သို့ လှည့် ပြန်လာခဲ့သည့် ခရီးစဉ် နောက်ပိုင်းမှစ၍ ကုရိုက်ရှ်တို့၏ ဆိတ်များကိုအဖိုးအခအနည်းငယ်မျှသာယူ၍ ကျောင်း ခဲ့လေသည်။

ဆိတ်ကျောင်းသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ခြင်း သည် တမန်တော်ဖြစ်ခြင်း၏ လက္ခဏာများအနက် တစ်ခုဖြစ်ကြောင်း တမန်တော်ဖြစ်ပြီးနောက်တွင် ကိုယ်တော်
တိုင်ကမိန့်တော်မူခဲ့လေသည်။ “အလ္လာာဟ် တမန်တော်များအနက် ဆိတ်၊ သိုး ကျောင်းသည့် အလုပ်ကို မလုပ်ကိုင်ခဲ့ဖူးသည့် သူတစ်ဦးတစ်ယောတ် မှမရှိ” ဟု။ ကိုယ်တော်မြတ်၏ မှန်ကန်တိကျသစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်မှု၊ အကျင့်စာရိတ္တကောင်းမွန်မှု တို့ကြောင့် လူအများက ကိုယ်တော် အား “အလ်အမီန်း” (သစ္စာရှင်) ဟူသော ဂုဏ်ထူးဖြင့် ခေါ်ဝေါ် လာကြလေသည်။

ခဒီဂျဟ် (ရသွီယလ်လာဟုသအာလာအန်ဟာ) သခင်မ ၏ လူယုံတော် အဖြစ်

ကိုယ်တော်မြတ် သည် “အလ်အမီးန်” ဟူသော ဂုဏ်ထူး ဖြင့်ထင်ရှားလာသောအခါ မက္ကဟ်မြို့ရှိ ချမ်းသောသော မုဆိုးမ တစ်ဦးဖြစ်သည့် ခဒီဂျဟ် ဘင်န်သိ ခုဝိုင်လိဒ် က သူမ ပိုင်ဆိုင်သော ကုန်စည်တို့အား ဆီးရီးယားသို့ သွားရောက် ရောင်းချကုန်သွယ်ရန်ကိုယ်တော်မြတ်အားကမ်းလှမ်း၍ လူယုံတော်အဖြစ် ခန့်အပ်လိုက်လေသည်။ သူမသည် ဂုဏ်သရေရှိ ကုရိုက်ရှ် မိသားစုမှဖြစ်ပြီး ချမ်းသာကြွယ်ဝသော်လည်း အမျိုးသမီးဖြစ်သည့်အားလျော်စွာ သူမ၏ ကုန်စည်များအား နိုင်ငံရပ်ခြားသို့သွားရောက် ရောင်းချပေးရန် လူယုံတော် ခန့်အပ်လေ့ရှိသည်။

လုလင်ပျို မုဟမ္မဒ် သည် ခဒီဂျဟ် ၏ ကျွန်တစ်ဦးဖြစ်သည့် မိုင်စရဟ် နှင့်အတူ ကုန်စည်များ ကိုယူဆောင်၍ ဆီးရီးယားသို့ခရီးထွက်လေသည်။ ထိုကုန်ခရီးသည် အလွန်အောင်မြင်ပြီး
အလွန်အမြတ်အစွန်း ရ ခဲ့သောခရီးတစ်ခု ဖြစ်ခဲ့ပြီး မက္ကဟ်မြို့သို့ပြန်ရောက်သောအခါ ရရှိခဲ့သမျှအမြတ်အစွန်းအားလုံးအား ခဒီဂျဟ် ထံသို့ အပ်နှံခဲ့လေသည်။

ခဒီဂျဟ် သခင်မနှင့် ထိမ်းမြားတော်မူခြင်း

ခဒီဂျဟ် သည် သူမဘဝတွင် နှစ်ကြိမ် မုဆိုးမ ဖြစ်ခဲ့ ရရှာသူ တစ်ယောက်ဖြစ်သည်။သူမသည်ပထမဦးဆုံး အသီးက် ဘင်န် အရဲဒ် နှင့်လက်ထပ်ခဲ့ပြီး အသီးက် ကွယ်လွန် သောအခါ အဗူဟလာ နှင့် လက်ထပ်ခဲ့လေသည်။ အဗူဟလာ နှင့်သားတစ်ဦး ထွန်းကားခဲ့သည်။ အဗူဟလာကွယ်လွန်သောအခါ ကုရိုက်ရှ် မှ ခေါင်းဆောင်အသီးသီးတို့က သူမအား ထိမ်းမြားရန် ကမ်းလှမ်းခဲ့သည်။ သို့ရာတွင် သူမသည် မည်သူ၏ ကမ်းလှမ်း ချက်ကိုမှ လက်မခံခဲ့ပေ။ သူမ၏ ကျွန် မိုင်စရဟ် ထံမှမုဟမ္မဒ်၏ စာရိတ္တ၊ အရည်အချင်းနှင့် ပတ်သတ်သည့် လျှောက်တင်ချက်ကို ကြားရသည့် အခါသူမသည် မုဟမ္မဒ်
အား သူမ၏ဘဝ ကြင်ဖော် အဖြစ် လက်တွဲရန် စဉ်းစားမိလေတော့သည်။ သို့နှင့် သူမ ၏ မိတ်ဆွေရင်းချာ ဖြစ်သူ နဖီစဟ် မှတစ်ဆင့် မုဟမ္မဒ် ထံ သတင်းပေါက်ကြားစေလိုက်တော့ သည်။ ကိုယ်တော်မြတ် သည် နဖီစဟ် ထံမှ တစ်ဆင့် ကြားရသော သတင်းစကားကို မူတည်၍သူ၏ ဦးလေးတော်များ နှင့်တိုင်ပင်လေသည်။

သူ၏ ဦးလေးများသည်လည်း အချင်းချင်းတိုင်ပင်ကြပြီးနောက် ခဒီဂျဟ် သခင်မ ၏ ဦးလေးဖြစ် သူ အမရ် ဘင်န် အဆဒ် ထံ မုဟမ္မဒ် ၏ မင်္ဂလာစကား ကို ကမ်းလှမ်းခဲ့ကြလေသည်။ အမရ်ဘင်န် အဆဒ် သည် ကမ်းလှမ်းချက်အား သူ၏ တူမတော် ကိုယ်စား ဝမ်းမြောက်စွာ လက်ခံလိုက်လေတော့သည်။ ကိုယ်တော်မြတ်သည် ခဒီဂျဟ်သခင်မ အား မင်္ဂလာဦး လက်ဆောင်အဖြစ်ကုလားအုပ် အကောင်နှစ်ဆယ် (အချို့ ပညာရှင် တို့ အဆိုအရ ကုလားအုပ် ခြောက်ကောင်) ပေးခဲ့လေသည်။ ဗနူဟာရှင်မ် အနွယ်ခေါင်း ဆောင်များနှင့် အခြား ကုရိုက်ရှ် ခေါင်းဆောင်များ ၏ရှေ့မှောက်တွင် လက်ထပ်ထိမ်းမြားခဲ့လေသည်။ အလ္လာဟ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီးနောက် အဗူသွာလိဘ် သည် မင်္ဂလာဆုံးမစကား (ခုသ်ွဗဟ်) ကို မြွက်ကြားခဲ့လေသည်။ ဤသို့ဖြင့် ကိုယ်တော်မြတ် ဆီးရီးယား ခရီးမှ ပြန်ရောက်ရှိပြီး နှစ်လ နှစ်ရက်အနည်းငယ် အကြာတွင် ကိုယ်တော်မြတ် နှင့် ခဒီဂျဟ် သခင်မတို့ လက်ထပ်ထိမ်းမြား ခဲ့ကြလေသည်။ ထိမ်းမြားစဉ်က ကိုယ်တော်မြတ် ၏ သက်တော် မှာ နှစ်ဆယ့်ငါးနှစ် ရှိပြီး ခဒီဂျဟ် သခင်မ ၏ သက်တော်မှာ လေးဆယ်ရှိလေသည်။ (အချို့အဆိုအရ သူမ၏ သက်တော် နှစ်ဆယ့်ရှစ်နှစ်)။

ခဒီဂျဟ် (ရသွီယလ်လာဟုသအာလာအန်ဟာ) သခင်မ သည် ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ ပထမဦးဆုံးဇနီး ကြင်ရာတော် ဖြစ်ခဲ့သည်။ ခဒီဂျဟ် သခင်မ သက်တော်ထင်ရှားရှိစဉ် ကာလ တွင် ကိုယ်တော်မြတ်သည် အခြား မည်သူနှင့် မျှလက်ထပ်ထိမ်းမြား ခြင်းမပြုခဲ့ပေ။ ခဒီဂျဟ် သခင်မ သည် အိဗ်ရာဟီးမ် သခင်လေး မှလွဲ၍ ကိုယ်တော်၏ ရင်သွေးအားလုံး ၏ မိခင် ဖြစ်ခဲ့ပေ သည်။ မွေးဖွားရာအစဉ်အတိုင်း အမည်နာမတို့ကို ဖော်ပြရသော် ကာစင်မ်သခင်လေး၊ ဇိုင်ယ်နဗ်သခင်မ၊ ရုကိုင်ယ်ယဟ်သခင်မ၊ အုမ်မိကုလ်စူးမ်သခင်မ၊ ဖွာသိမဟ် သခင်မ၊ အဗ်ဒုလ္လာဟ် သခင်လေးတို့ဖြစ် ကြ လေသည်။ အိဗ်ရာဟီးမ် သခင်လေးသည် မာရိယဟ် ကိဗ်သွိယာ (ကော့ပ်တစ် မေရီ) နှင့် ကိုယ်တော်မြတ် တို့၏ ရင်သွေးဖြစ်ပေသည်။ ကိုယ်တော်မြတ်၏ သားတော်အားလုံးတို့သည် ကလေးဘဝ ၌ပင် ကွယ်လွန် ခဲ့ကြပြီး ကိုယ်တော်မြတ် ၏ သမီးတော် သုံးပါးစလုံးသည် သူမတို့ ဖခင်၏ တမန်တော်ဘဝကို ကြုံကြိုက် ခဲ့ကြလေသည်။ အားလုံးသောသမီးတော် တို့သည် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ကြပြီး မဒီနဟ် သို့ဟိဂ်ျရသ်ပြုခဲ့သူများတွင် အပါအဝင်ဖြစ်ခဲ့ကြသည်။ သမီးတော် ဖွာသွိမဟ် သခင်မ မှ လွဲ၍ ကျန် သမီးတော်နှစ်ပါးမှာ ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိစဉ်ပင် ကွယ်လွန် ခဲ့ကြသည်။ ကိုယ်တော်မြတ် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ကြွမြန်းတော်မူပြီး ခြောက်လ အကြာတွင် သမီးတော်ဖွာသိမဟ် ကွယ်လွန်ခဲ့လေ သည်။ (အင်န်နလိလ္လာဟိ၊ဝအင်န်နအိလိုင်ဟိရားဂျိအူးန်)။

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

“မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (၇)

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) နှင့် ဖိဂျရ် စစ်ပွဲ

ကိုယ်တော်မြတ် သက်တော် နှစ်ဆယ်အရောက် ဇုလ်ကအ်ဒဟ်လ တွင် ကုရိုက်ရှ် လူမျိုးစုနှင့် ကိနာနာလူမျိုးစု တို့ကတစ်ဖက်၊ ကိုင်ယ်စ် ဂီလာန် လူမျိုးစု ကတစ်ဖက် စစ်ပွဲဖြစ်ပွါးခဲ့လေသည်။ တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်မှု များသည် အလွန်ပြင်းထန်ခဲ့ပြီး နှစ်ဖက်စလုံးတွင် အကျအဆုံးအလွန်များခဲ့သည်။
နောက်ဆုံးတွင် ထိခိုက်ကျဆုံးမှု ပိုများသောတစ်ဖက် အားကျန် တစ်ဖက်က အသက်ဖိုးလျော်ကြေးငွေပေးရမည် ဟူသော သဘောတူညီချက် ထား၍ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ကြလေသည်။ ဤစစ်ပွဲသည်လွန်ခဲ့သောသုံးနှစ်အတွင်းဖြစ်ပွါးခဲ့သော စစ်ပွဲများတွင် စတုတ္ထမြောက်စစ်ပွဲဖြစ်ပြီးအပြင်းထန်ဆုံးနှင့်အသေအပျောက်အများဆုံးသောစစ်ပွဲ တစ်ပွဲဖြစ်သည်။ ဤစစ်ပွဲသည် အရဗ်လူမျိုးစု များအကြားဖြစ်ပွါးခဲ့သော စစ်ပွဲများတွင် နောက်ဆုံးဖြစ်ခဲ့ သော စစ်ပွဲ ဖြစ်ပြီး “ဖိဂျရ် စစ်ပွဲ” ဟု သမိုင်းတွင် အမည်ရခဲ့ လေသည်။ အာရဗီဘာသာစကားတွင် “ဖိဂျရ်” ဟူသည် “အကျင့်တန်ခြင်း” ဟုအဓိပ္ပါယ်ရလေသည်။ အဘယ်ကြောင့်ဤအမည်တွင်ခဲ့သနည်း ဟူမူယင်းစစ်ပွဲသည် စစ်မက်ပြိုင် ဆိုင်တိုက်ခိုက်ခြင်းကို တားမြစ်ထားသော မြင့်မြတ်သောလ တွင် ဖြစ်ပွါးခဲ့ ပြီး ဤလ ၏ ထူးမြတ်မှုကို ဖောက်ဖျက်၍ သွေးစွန်းစေခဲ့ ကြခြင်းကြောင့်ပင်။ ကိုယ်တော်မြတ်သည် ကုရိုက်ရှ်လူမျိုး စုဝင် တစ်ဦးဖြစ်သည့်အားလျော်စွာ ထိုစစ်ပွဲတွင် ပါဝင်ခဲ့လေသည်။ စစ်မြေပြင်တွင် ကိုယ်တော်မြတ် ထမ်းဆောင်ခဲ့သောတာဝန်မှာ ရန်သူတို့ပစ်လွှတ်သော မြားတံ များကို စုဆောင်း၍ ကုရိုက်ရှ်လူမျိုးစုဝင်များဖြစ်ကြသောသူ၏ ဦးလေးများထံ ပို့ပေး ရခြင်းပင်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) နှင့် ဟိလ်ဖူလ် ဖုဒူလ်

ဖိဂျရ်စစ်ပွဲ ပြေငြိမ်းပြီး နောက်လတွင် ကုရိုက်ရှ် လူမျိုးစုကြီး ဝင် အနွယ်ငါးနွယ်က စုပေါင်း၍ ပဋိညာဉ် တစ်ခုချုပ်ဆိုခဲ့လေသည်။ ယင်း အနွယ်ငါးနွယ်ကား ဗနူဟာရှင်မ်၊ ဗနူအဗ်ဒုလ် မုသွာလိဘ်၊ ဗနူအဆဒ်၊ ဗနူ ဇဟ်ရာနှင့် ဗနူ တိုင်မ် တို့ဖြစ်ကြလေသည်။
ဤ ပဋိညာဉ် ချုပ်ဆိုရခြင်းအကြောင်းကား…………တစ်နယ်တစ်ကျေးမှ တစ်စိမ်းတစ်ရံစာ တစ်ဦးအားတရားမျှတမှု ကို ပြုပေးရန် ပျက်ကွက်ခဲ့သည့် ရှက်ဖွယ်ရာ အကြောင်းတစ်ရပ်ရှိခဲ့လေသည်။ ဇာဘိဒ်မြို့(ယီမင် အနောက်ပိုင်း မှမြို့တစ်မြို့) မှ လူတစ်ဦးသည် မက္ကဟ်မြို့သို့လာရောက်၍ သူ၏ ကုန်စည်များကိုရောင်းချလေသည်။ မက္ကဟ်မြို့ခံတစ်ဦးဖြစ်သည့် အားဆ်ဘင်န် ဝိုင်လ် သည် ထိုသူ၏ကုန်စည်အားလုံးအားယူဆောင်၍ ငွေကိုကားလုံးဝမပေးပေ။ မတရားမှုပြုခံရသော ထိုဇာဘိဒ် မြို့သားကုန်သည် သည်ဗနူ အဗ်ဒုလ် ဒရ်၊ ဗနူ မခ်ဇူးမ်၊ ဗနူ ဂျမဟ်၊ ဗနူ စဟ်မ် နှင့် ဗနူအဒီယ် လူမျိုးစုဝင်တို့ထံ ချဉ်းကပ်၍သူ့အား တရားမျှတ စွာပြုပေးရန် အကူအညီ တောင်းရှာလေသည်။ ထိုလူမျိုးစုဝင်အားလုံးတို့သည်မည်သူမျှ အရေးတယူပြု အကူအညီမပေးခဲ့ကြ။ ထိုသူသည် လွန်စွာစိတ်ပျက်အားလျော့စွာဖြင့် ဂျဘလ်အဗူကိုယ်စ် မည်သောတောင်ထိပ်သို့တက်၍ သူမတရားပြုခံရမှု ကို လူထုအား သိပေးကြေညာလေတော့သည်။ ၎င်းပြင်သူသည် သူ့အားကူညီကြရန် လူထုအား အကူအညီတောင်းလေသည်။ အဗ်ဒုလ် မုသွာလိဘ် ၏ သားတစ်ဦးဖြစ်သူ ဇုဘိုင်ရ် က ထိုမတရားပြုခံရသော လူအား ကူညီရန်ရှေ့ထွက်လာခဲ့ပေသည်။ ဇုဘိုင်ရ် သည် အနွယ်ငါးနွယ်တို့ ၏ ကိုယ်စားလှယ်တို့အား ဗနူတိုင်မ်အနွယ်ဝင် အဗ်ဒုလ္လာဟ် ဘင်န် ဂျဒ်အန် ၏ အိမ်တွင် စုရုံးရန်ဖိတ်ခေါ်ပြီးအစည်းအဝေးကျင်းပခဲ့လေသည်။ ယင်းအစည်းအဝေးတွင် အနွယ် ကိုယ်စားလှယ် အသီးသီးက သဘောတူ ပဋိညာဉ်ချုပ်ဆိုခဲ့ကြသည်မှာ၊ နောင်တွင် တစ်စုံတစ်ဦး ဤသို့မတရားပြုမူ ခံရပါက ပဋိညာဉ် တွင်လက်မှတ် ရေးထိုးထားသော အနွယ်တို့က တရားပြုခံ ရသူရှေ့မှ မားမားရပ်၍ တရားမျှတမှုကိုဆောင်ကျဉ်း ပေးရန်ပင်။ ၎င်းနောက်သူတို့သည် အားဆ်ဘင်န် ဝိုင်လ် အား စုပေါင်း ဖိအားပေး၍ မတရားရယူထားသော ကုန်စည်များကို ထိုဇာဘိဒ် မြို့သားကုန်သည် အားပြန်ပေးစေလေသည်။

ထို ပဋိညာဉ်ချုပ်ဆို လက်မှတ်ရေးထိုးသည့် အစည်းအဝေးတွင် ကိုယ်တော်မြတ်သည်လည်း သူ၏ ဦးလေးတော် များနှင့်အတူ ရှိနေခဲ့ ပြီး ထိုပဋိညာဉ်အား ဂုဏ်သရေရှိသော သဘောတူညီချက် အဖြစ် မှတ်ယူလေးစားခဲ့လေသည်။ အလ္လာဟ်အရှင်မြတ် မှ ကိုယ်တော့်အား တမန်တော်တာဝန်အပ်နှင်း ခဲ့သည့်အချိန်မှ အတော်ကြာကြာအထိကိုယ်တော်မြတ်သည် အောက်ပါအတိုင်း ဖွင့်ဟ ပြောဆိုလေ့ရှိခဲ့သည်။

“ငါ သည် အဗ်ဒုလ္လာဟ် ဘင်န် ဂျဒ်အန် ၏ အိမ်တွင်ပဋိညာဉ် ကို သဘောတူချုပ်ဆိုခဲ့ကြစဉ်က သက်သေအဖြစ် ရှိနေခဲ့သည်။ ထို ပဋိညာဉ်အစား ငါ့အား နီမြန်းသောကုလားအုပ်ပေးလျှင်ပင် ငါ
လက်ခံမည်မဟုတ်။ (ထိုပဋိညာဉ်အားဖောက်ဖျက်မည်မဟုတ်။) ငါ့အားအမိုက်ခေတ်ပျောက် ပြီး အစ္စလာမ်သာသနာထွန်းကား လာသော နေ့ရက်များတွင်ပင် ထိုပဋိညာဉ်အား ဆက်လက်ထောက်ခံရန်တစ်စုံတစ်ဦးကတောင်းဆိုခဲ့ပါက ငါသည် သဘောတူခဲ့မည်သာ။”

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

“မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (၆)

ခရစ်ရှန်ဘုန်းကြီး ဘဟီရာ ၏ သတိပေးချက်

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) သက်တော် ၁၂ နှင့်အရွယ်ရောက်သည့်အခါ(အချို့ သမိုင်းများအဆိုအရ ၁၂ နှစ် ၂ လ ၁၀ ရက်) ဦးလေးတော် အဗူသွာလိဘ် သည် ကုန်သည်အစုတစ်စုနှင့် ဆီးရီးယား သို့အတူလိုက်ပါသွားရန်စီစဉ်ပြီး ကိုယ်တော်မြတ် ကိုပါခေါ်ဆောင်၍ ခရီးထွက်ခဲ့လေတော့သည်။ကုန်သည်အစုသည် ဆီးရီးယားသို့အသွား ဘဆွရဟ် မြို့သို့အရောက် ခေတ္တခဏ နားကြလေသည်။ထိုမြို့၌ ဘဟီရာ မည်သော ခရစ်ရှန် ဘုန်းကြီးတစ်ပါး ရှိလေသည်။ သူသည် ကုန်သည်အစုအား ကြိုဆိုရန်အလို့ငှါ ရောက်ရှိလာခဲ့ ပြီး ခရီးသည်အားလုံးအားဖြတ်ကျော်၍ ကိုယ်တော်မြတ် အနီးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ ကိုယ်တော်မြတ် ၏လက်ကို ဆွဲကိုင်၍ “ဤသူသည် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အရှင်မြတ်၏ စေတမန်ပင်၊ ဘုရားသခင်သည် သူ့အား လူသားအားလုံးအတွက် ကရုဏာတော်အဖြစ်စေလွှတ်ခြင်းဖြစ်သည်” ဟုပြောဆိုခဲ့လေသည်။ ထိုအခါ လူအများက အဘယ်ကြောင့်ဤသို့ဆိုရသနည်း ဟုစုံစမ်းမေးမြန်းကြလေသည်။ ဘဟီရာက ………….”သူ (မုဟမ္မဒ်) ဤ ဘက်သို့လာ သည့်အခါက ကျောက်တုံးများနှင့် သစ်ပင်များသည် ကိုင်းညွတ်အရိုအသေပေးကြလေသည်။ စေတမန် တစ်ပါးမှလွဲ၍ အခြားမည်သည့် ဖန်ဆင်းခံကိုမျှ ဤသို့ အရိုအသေမပေးကြ။ ၎င်းပြင် ကျွန်ပ် သည် သူ၏ ပုခုံးနှစ်ဖက်အောက်နားရှိ ပန်းသီးသဏ္ဌာန် စေတမန်ဖြစ်ခြင်း၏တံဆိပ်တော်ကို လည်း သူ၌တွေ့ရသည်။ ဤအကြောင်း ကျွန်ပ်တို့၏ ကျမ်းစာများ၌ပါရှိသည်။” ဟုရှင်းပြ ပြောဆိုခဲ့သည်။

ထို့နောက် ဘဟီရာ သည် ကုန်သည်အစုအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထမင်းစားပွဲကြီး တစ်ပွဲကိုတည်ခင်း ဧည့်ခံခဲ့လေသည်။ ၎င်းနောက် ဘဟီရာသည် အဗူသွာလိဘ် အား နှစ်ဦးတည်း တွေ့ဆုံပြီးမုဟမ္မဒ် အား ရှေ့ခရီးသို့ ဆက်လက်မခေါ်သွားရန်နှင့် နေရပ်သို့သာပြန်လွှတ်ရန်သတိပေး ခဲ့သည်။ ဂျူးနှင့် ရောမ လူမျိုးများက ကတိတော်လာ စေတမန်အဖြစ်မှတ်ယူပြီး အန္တရာယ် ပြုမည်ကို စိုးရိမ်သောကြောင့် ဤသို့သတိပေးခြင်း ဖြစ်သည်။ အဗူသွာလိဘ် သည် ခရစ်ရှန်ဘုန်းကြီး ဘဟီရာ ၏ သတိပေးစကားကို တစ်လေးတစ်စား ဂရုမူပြီး ကိုယ်တော်မြတ်အားမက္ကဟ် သို့ ပြန်လည်ပို့လိုက်လေတော့သည်။

ကိုယ်တော်မြတ်သည် မက္ကဟ် မြို့တွင်နေထိုင်ရင်း အရွယ်ရောက်လာသောအခါ သူ၏ လူမှုအသိုင်းအဝိုင်း(စိုဆိုင်တီ) တွင် တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့ပြီး အသိုင်းအဝိုင်းအတွက် အရေးပါသည့် အချို့သော အခန်းကဏ္ဏ္ဏများတွင်လည်း ပါဝင်ခဲ့လေသည်။ အောက်တွင် ဆက်လက်ရေးသားမည့်ခေါင်းစဉ်နှစ်ခုကား ကိုယ်တော် မြတ် မိမိ၏အသိုင်းအဝိုင်းအတွက် ပါဝင်ခဲ့သည့် အရေးပါသော အခန်းကဏ္ဏ္ဏများ အနက် ထင်ရှားသောကဏ္ဏ္ဏနှစ်ခု အကြောင်းပင်ဖြစ်သည်။
ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

“မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (၅)

ကိုယ်တော်မြတ်လေး၏ ရင်ဘတ်တော်အား ဖွင့်တော်မူခြင်းခံရလေပြီ

ဆွဟာဗဟ်ကြီး အနတ်စ်ဘင်န်မာလိက် (ရသွီယလ်လာဟုသအာလာအန်ဟု) သခင် ဆင့်ပြန်ခဲ့သည်မှာ တစ်နေ့တွင် ကလေးအရွယ် မုဟမ္မဒ် သည် ဟလီမဟ်သခင်မ၏အိမ်အနီး အခြားကလေးများနှင့် ဆော့ကစားနေခိုက် ရုတ်တရက်ဆိုသလို ကောင်းကင်တမန်ကြီး ဂျိဘ်ရာအိလ် (အလိုင်ဟိစ္စလာမ်)ရောက်ရှိလာပြီး မုဟမ္မဒ် လေးအားလှဲအိပ်စေလေသည်။ ထို့နောက် မုဟမ္မဒ် ၏ ရင်ဘတ်အားဖွင့်ပြီးလျှင် နှလုံးအား ထုတ်နှုတ်လေသည်။ နှလုံးမှအသား အစိတ်ပိုင်း တစ်ခုကို ဆွဲထုတ်ပြီး”ဤသည် သင့်အတွင်းရှိသော ရှိုင်ယ်သွာန်၏ တစ်စိတ်တစ်ဒေသပင်။” ဟုလည်း ပြောဆိုလေသည်။ ၎င်းနောက် ကိုယ်တော်မြတ် ၏ နှလုံး အား ဇမ်ဇမ်ရေ ဖြည့်ထားသော ရွှေလင်ပန်းတွင်ထည့်ဆေးကြောပြီး ရင်ဘတ်ထဲသို့ ပြန်လည်နေရာတကျထည့်သွင်းခဲ့လေသည်။ ဤအဖြစ်ကို မြင်သောအခြားကလေးများသည် “မုဟမ္မဒ် အသတ်ခံရပြီ” ဟုကြောက်လန့်တကြား အော်ဟစ်၍ ဟလီမဟ် သခင်မထံပြေးလွှားသွားခဲ့ကြသည်။ ဟလီမဟ် သခင်မသည် ကလေးငယ်များခေါ်ရာသို့ စိုးရိမ်ပူပန်စိတ်အပြည့် ဖြင့်သွားကြည့်ခဲ့ရာ ကလေးငယ် မုဟမ္မဒ် အသက်ရှင်နေကြောင်းတွေ့မြင်ခဲ့ရလေသည်။ သို့ရာတွင်မုဟမ္မဒ်လေး သည် ကြောက်ရွံ့စိုးထိတ်ပြီး မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်ကိုတော့ တွေ့မြင်ရလေသည်။ အနတ်စ်သခင်က ဆက်လက်၍ ပြောပြသည်မှာ ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)၏ ရင်ဘတ်တော်တွင်ချုပ်ရာ ကိုလည်း သူ တွေ့ရှိခဲ့သည်ဟူ၍။

ကိုယ်တော်မြတ်လေးသည် မိခင်ရင်းနှင့်အတူ

ဤသည့်အဖြစ် ကြောင့် ဟလီမဟ်သခင်မသည်ထိတ်လန့်ပြီး ကိုယ်တော်မြတ်လေးအား မက္ကဟ်ရှိမိခင်ရင်းထံ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော်မြတ်လေးအား သူ၏မိခင်ရင်းကစောင့်ရှောက်ရင်း နောက်နှစ်နှစ် အကြာ၊ကိုယ်တော်မြတ်၏သက်တော် ခြောက်နှစ်ရှိသောအခါ၊ ကိုယ်တော်မြတ်သည် သူ၏ ဘိုးတော်၊ မိခင်၊ အုမ် အိုင်မာန် သခင် မတို့နှင့်အတူ သူ၏ မိခင်ဘက်မှဆွေမျိုးများရှိရာ ယသ်ရိဘ် မြို့သို့ ခရီးထွက်ခဲ့လေသည်။ ကိုယ်တော်မြတ်၏ဖခင် ဖြစ်သူ အဗ်ဒုလ္လာဟ်သည်လည်း ထိုမြို့၌ပင် ခေါင်းချခဲ့သည်ဖြစ်ရကား။ ယသ်ရိဘ် မြို့တွင်တစ်လနေထိုင်ပြီးနောက် မက္ကဟ်သို့ပြန်ရန်ခရီးရှည်ကြီးကို ထွက်ခွါလာရာလမ်းခရီးတွင် အာမိနဟ်သခင်မ နာမကျန်းဖြစ်ပြီးအဘ်ဝါ မည်သောအရပ်တွင် ကွယ်လွန်၍ ထိုအရပ်၌ပင် မြှုပ်နှံခဲ့ရလေသည်။
(အင်န်နလိလ္လာဟိ၊ဝအင်န်နအိလိုင်ဟိရားဂျိအူးန်)။ သို့နှင့်ကိုယ်တော်မြတ်လေးသည် သက်တော် ခြောက်နှစ်ကျော် အရွယ်တွင် မိဘမဲ့ (ယသီးမ်) ဘဝသို့ ရောက်ခဲ့ရရှာလေသည်။

ဘိုးတော်၏ အကြင်နာ

အဘိုးအိုကြီး အဗ်ဒုလ်မုသွာလိဘ် သည် ချစ်လှစွာသော မိဘမဲ့မြေးလေး၏ မိခင်ဆုံးပါးခြင်းသောကကို မကြည့်ရက်နိုင်လျှက် ပင် လေးလံလှသော စိတ်နှလုံး ဝန်ကို မနိုင့်တစ်နိုင်ထမ်းပိုး၍ မက္ကဟ်သို့ခရီးဆက်ရန် စတင် ခဲ့လေသည်။ သူ၏ သားအရင်းများ အတွက်ပင် မပေါ်ပေါက်ခဲ့ဖူးသော အကြင်နာအဟုန်တိုသည် မိဘမဲ့လေး မုဟမ္မဒ် အတွက် ဖြစ်တည်ခဲ့လေပြီ။ အဗ်ဒုလ်မုသွာလိဘ် သူ၏ မိတ်ဆွေများနှင့်အတူထိုင်ရာတွင် မုဟမ္မဒ်လေးသည် သူ၏အနီးရှိ မည်သူမျှထိုင်ခွင့်မရှိသော အခင်းပေါ်ဝယ်ထိုင်လေ့ရှိပြီး ဘိုးတော် အဗ်ဒုလ်မုသွာလိဘ် ၏ နောက်ကျော အား ဆော့ကစားလေ့ရှိသည်။ အဗ်ဒုလ်မုသွာလိဘ်သည်ကားပြုံးလျှက်ပင်။ မိဘမဲ့ မုဟမ္မဒ် လေး၏ ရှေ့အနာဂတ်သည် မည်သို့မျှ တောက်ပလာနိုင်မည်မဟုတ်ဟု အဗ်ဒုလ်မုသွာလိဘ်သည်
တွေးဆကောင်းတွေးဆခဲ့ပေမည်။ ကြေကွဲစရာနောက်အဖြစ်တစ်ခုကား အဗ်ဒုလ်မုသွာလိဘ် သည်သူအလွန် ချစ်ကြည်မြတ်နိုး တွယ်တာသော မုဟမ္မဒ်လေးနှင့်အချိန်တိုတောင်းစွာသာ နေခွင့်ရခဲ့ခြင်းပင်။ ကိုယ်တော်မြတ်၏သက်တော် ရှစ်နှစ်၊ နှစ်လ၊ဆယ်ရက် တွင် ဘိုးတော် အဗ်ဒုလ်မုသွာလိဘ် ကွယ်လွန်ခဲ့လေသည်။ (အင်န်နလိလ္လာဟိ၊ဝအင်န်နအိလိုင်ဟိရားဂျိအူးန်)။

ဦးလေးတော်၏စောင့်ရှောက်မှုအောက်တွင်

အဗ်ဒုလ်မုသွာလိဘ် ကွယ်လွန်ပြီးနောက် သားဖြစ်သူ အဗူသွာလိဘ် က ကိုယ်တော်မြတ်လေးအားဆက်လက် စောင့်ရှောက်ခဲ့ လေသည်။ အဗူသွာလိဘ်နှင့် ကိုယ်တော်မြတ်၏ဖခင် အဗ်ဒုလ္လာဟ်သခင်တို့သည် ညီအစ်ကို အရင်းများဖြစ်ကြ၏။ အဗူသွာလိဘ် သည်ဓနကြွယ်သောသူတစ်ဦးမဟုတ်သော်ငြားလည်း ကိုယ်တော်မြတ် ဆောင်ကျဉ်းလာသော အလ္လာဟ်အရှင်မြတ်ထံမှ ဗရ်ကသ် ကြောင့် အဗူသွာလိဘ်သည် သူရှာဖွေ ရရှိသော ငွေစအနည်းငယ်သည်ပင် သူ၏မိသားစုစားဝတ်နေရေးဖူလုံ ကြောင်းသတိပြုမိခဲ့လေသည်။

နောက်ဆက်မည့်ခေါင်းစဉ်ငယ်-ခရစ်ရှန်ဘုန်းကြီး ဘဟီရဟ် ၏ သတိပေးချက်

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

“မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (၄)

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ နို့စို့ဘက်ညီအစ်ကိုများ

ကိုယ်တော်မြတ် အားနို့ချို တိုက်ကျွေးခဲ့သူများတွင် ကိုယ်တော်မြတ်၏ ဦးလေး ဖြစ်သူအဗူလဟဘ်၏ ကျွန် စိုဝိုင်ဗဟ် သခင်မလည်းပါဝင်ခဲ့လေသည်။ စိုဝိုင်ဗဟ် သခင်မသည် ကိုယ်တော်မြတ်နှင့်အတူသူမ၏ သား မတ်စ်ရူးဟ်၊ ဟမ်ဇဟ်ဘင်န် အဗ်ဒုလ်မုသွာလိဘ် နှင့် အဗူစလမဟ် ဘင်န် အဗ်ဒုလ်အဆဒ်မခ် ဇူမီတို့ကိုလည်း နို့ချိုတိုက် ကျွေးနေခဲ့ပေသည်။ သို့ဖြစ်ပေရာ အထက်ပါ သုံးဦးတို့သည် ကိုယ်တော်မြတ် ၏ ပထမဦးဆုံးသော နို့စို့ဘက် ညီအစ်ကိုများ ဖြစ်ခဲ့ပေသည်။

ဟလီမဟ် စအ်ဒိယဟ် ၏ စောင့်ရှောက်မှု အောက်ဝယ်

ထိုခေတ်အခါက အရဗ်လူမျိုး တို့၏ ဓလေ့တစ်ခုမှာ၊ မိမိတို့၏ ရင်သွေးငယ် များအားဘဲဒ်ဝဲန် (BEDOUIN) အမျိုးသမီးတို့၏ ထံပို့ထား စောင့်ရှောက်စေပြီး သဲကန္တာရတွင် အသက်အရွယ်နှစ် အတန်ငယ်ရလာသည် အထိကြီးပြင်းစေခြင်းပင်။ ဤ သို့ပြုရခြင်း၏ ရည်ရွယ်ချက်များ မှာကန္တာရတွင် ကြီးပြင်းစေခြင်းဖြင့် ကလေးငယ်သည် သန်စွမ်းကျန်းမာသည်ဟု မက္ကဟ်သားတို့က  ယုံကြည်သောကြောင့်လည်းကောင်း၊ ကန္တာရဘဲဒ်ဝဲန် (BEDOUIN) အရဗ်တို့ ၏ ဝန်းကျင်တွင် ကြီးပြင်းခြင်းဖြင့် အာရေဗျ တစ်ခွင်လုံးတွင် အသုံးပြုသောကျွန်းဆွယ်သုံး အာရဗီဘာသာစကား ကို ကျနစွာတတ်မြောက်စေရန် လည်းကောင်းပင်ဖြစ်ပေသည်။ထိုစဉ်က ဘိုးတော်ဖြစ်သူ အဗ်ဒုလ် မုသွာလိဘ်သည် သူ၏ မြေးလေးအားနို့ချိုတိုက် ကျွေးစောင့်ရှောက်၍သဲကန္တာရတွင် ကြီးပြင်းသည်အထိ တာဝန်ယူပေးမည့် ဘဲဒ်ဝဲန် (BEDOUIN) အမျိုးသမီးတစ်ဦးအားရှာဖွေနေခဲ့လေသည်။ တစ်ကြိမ်တွင် ဗနူစအဒ် ဘင်န် ဗကရ် ဘင်န် ဟဝါဇင်န် အနွယ်မှ ဘဲဒ်ဝဲန်အမျိုးသမီးအချို့သည်အထက်ဖော်ပြပါ စောင့်ရှောက်သည့် လုပ်ငန်းအတွက် မက္ကဟ်ရှိ အိမ်ထောင်စုများသို့ လာရောက်ကမ်းလှမ်း လေသည်။ ထိုအခါ အဗ်ဒုလ် မုသွာလိဘ်သည် ထိုအမျိုးသမီးတစ်ဦးခြင်းစီအား သူ၏မြေးလေးကို စောင့်ရှောက်ပေးရန် ကမ်းလှမ်းခဲ့သော်လည်း ဖသက်ဆိုးကလေးငယ်အား စောင့်ရှောက်ပေးခြင်းဖြင့် ရရှိမည့် အဖိုးအခ ဆုလာဘ်သည် အလွန်ပင် နည်းပါး မည်ဟုထိုအမျိုးသမီးများက ထင်မြင်ယူဆကြပြီး ကလေးငယ်အား စောင့်ရှောက်ရန် မည်သူကမျှ လက်မခံခဲ့ပေ။ ထိုနေ့တွင်ပင် ဟလီမဟ် ဘင်န်သိ ဇုဝိုင်ဘ်သည်လည်း အဗ်ဒုလ်မုသွာလိဘ် ထံရောက်ရှိလာခဲ့လေသည်။ အဗ်ဒုလ်မုသွာလိဘ်၏ လက်မောင်းများပေါ်တွင် လှဲလျှက်ရှိသော ချစ်စဖွယ်ဖသက်ဆိုး ကလေးငယ်အားမြင်ပြီးနောက် အကြောင်းစုံကိုလည်း သိရသောအခါ ကရုဏာစိတ်ယိုဖိတ်မိ၍ ကလေးငယ်အား ဝမ်းပန်းတသာလက်ခံလိုက်လေတော့သည်။ သူမနှင့်သူမ၏ခင်ပွန်းတို့သည် အိမ်အပြန်ခရီးတွင် လက်မဲ့ မဖြစ်ရခြင်းကြောင့် အလွန်ဝမ်းမြောက်ပျော်ရွှင်ပြီးကိုယ်တော်မြတ်လေးအား ယုယုယယ ချီပွေ့ ၍ သဲကန္တာရရှိ သူတို့၏အိမ်သို့ပြန်ခဲ့လေတော့သတည်း။
(more…)

August 15, 2009

အတိုးစားလို့ရမရ (The Sage ဖြေ ၂)

စလာမ် ပါခင်ဗျား

စိုင်ကွန်ခင်ဗျား

အထက်ပို့စ် မှာ “အတိုးစားခြင်း” နဲ့ သက်ဆိုင်တဲ့ အာယဟ်တော် အချို့နဲ့ ဟဒီးစ်တော် တစ်ပုဒ် တင်ပြခဲ့ပါတယ်။ အခုဒီပို့စ်မှာတော့ စိုင်ကွန် မေးထားတဲ့မေးခွန်းတွေ ကို ဖြေပေးပါ့မယ်။

စိုင်ကွန်ရဲ့ ဂျနရလ် မေးခွန်းက………………..

“စီးပွါးရေးတွေထဲက စီးပွါးရေးတခုဖြစ်တဲ့ ဘဏ် လုပ်ငန်းလုပ်ကိုင်ပါက သင့်တော်မယ်လို့ ထင်ပါသလား။ မသင့်တော်ဖူးလို့ထင်ပါသလား???”

စီးပွါးရေးလို့ ခေါင်းစဉ်တပ် လိုက်တာနဲ့ အစ္စလာမ်သာသနာ က ခွင့်ပြုထားတဲ့ (ဒါမှမဟုတ်) လူ့ယဉ်ကျေးမှု နဲ့ လူ့အသိုင်းအဝိုင်း မှာ ခွင့်ပြုသင့်တဲ့ လုပ်ငန်းဖြစ်မသွားပါဘူး။  အဲဒီလို စီးပွါးရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အစ္စလာမ် သာသနာက ခွင့်မပြုတဲ့ လုပ်ငန်း ကိစ္စရပ် တွေဟာ အများကြီးပါ။ ဥပမာ-အရက်ရောင်းခြင်း၊ နိုက်က လပ်လုပ်ငန်း စသည် စသည် မျိုးပါ။ ဒါက စိုင်ကွန်ရဲ့ မေးခွန်းနဲ့ မပတ်သတ်ပါဘူး။ ကြုံတုံး သတိပြု မိအောင်ရေးပြခြင်းပါ။ စိုင်ကွန်ရဲ့ ဂျနရလ်မေးခွန်း ကို တတ်ခ်ျ လုပ်ပါပြီ ခင်ဗျား။

(more…)

August 12, 2009

အတိုးစားလို့ရမရ (The Sage ဖြေ)

အစ္စလာမုအလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကဟ်

အစ္စလာမ် သာသနာဝင် မုစ်လင်မ် များအတွက် အကျိုးထူးရရှိစေနိုင်မယ့် မေးခွန်းမျိုးတွေကို မှရွေးမေး နေတဲ့ သာသာနာ့ တစ်အူထုံ့ဆင်း စိုင်ကွန် ကို အထူးတလည် ကျေးဇူးတင်ရှိကြောင်း ပထမဆုံး အနေနဲ့ ပြောကြားလိုပါတယ်။

ဒီတစ်ခါ စိုင်ကွန် မေးလာတဲ့ မေးခွန်းကတော့ “အတိုးစားခြင်း” နဲ့တိုက်ရိုက် ပတ်သတ်ဆက်နွယ် နေတဲ့ မေးခွန်းပါ။ စိုင်ကွန် မေးထားတာတွေ မဖြေခင် “အတိုး” ကို အာရဗီ ဘာသာစကားနဲ့ ဘယ်လိုခေါ်လဲ?၊ အတိုးစားခြင်းနဲ့ သက်ဆိုင်တဲ့ ကုရ်အာန် အာယဟ် များ၊ ဟဒီးစ်တော် များ ကို အရင်ဆုံး တင်ပြပေးပါ့မယ်။

“အတိုး” ကို အာရဗီ ဘာသာစကားနဲ့ “ရိဗာ” လို့ခေါ်ပါတယ်။ အာရဗီ အက္ခရာ “ရာအ်” ၊ “ဗာအ်”၊ “အလိဖ်” ပါ။ (အူရဒူ အသံ- “ရေ”၊ “ဗေ”၊ “အလိဖ်”)။ ကျမ်းတော်မြတ် ကုရ်အာန် နဲ့ ဟဒီးစ်တော် တွေမှာ “အတိုးစားခြင်း” ကို အတိအလင်း ပြတ်ပြတ်သားသား ကို တားမြစ်ထားပါတယ်။ ကုရ်အာန် အာယဟ် တော်တွေအရင် ပြပါ့မယ်။
ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် တော် ၃၊ အာယဟ်တော် ၁၃၀ မှာ အလ္လာဟ် အရှင်မြတ် က

    “ယာ အိုင်ယ် ယု ဟလ်လဇီးန အားမနူ လာသအ်ကုလူရ် ရိဗာ အဿွ်အာဖွန်မ်
    မုဿွာအဖွသန် ဝသ်သကုလ္လားဟ လအလ်လကွမ် သုဖ်လိဟူးန်”။
    အို- “မုအ်မင်န်” ယုံကြည်ခြင်း သဒ္ဓါ တရား ထားရှိသူ အပေါင်းတို့။ အသင်တို့သည်ဆထက်တိုးပြီး ဖြစ်သော၊ ဆပေါင်းများစွာသော အတိုးအညွန့်ကို မစားကြကုန်လင့်။၎င်းပြင် အသင်တို့ သည်အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ ကြလေကုန်၊ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြကုန်အံ့။

ဒီအာယဟ် တော်ကတော့ “အတိုး” မစားဖို့ အတိအလင်း ပိတ်ပင်ထားတဲ့ အာယဟ်တော်ပါ။ ဒီ အာယဟ်တော်ကို ဖတ်ပြီး လူသား တွေက စဉ်းစားလာကြမှာဘဲ၊ ဘာကိုလဲ? “ဆထက်တိုး၊ ဆပေါင်းများစွာတိုး ကို မစားနဲ့ ဆိုတော့ ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှုရော ပြုလို့မရဘူး လား? အဲဒါ လည်း ဆထက်တိုးနိုင် တာဘဲလေ။” အဲသလို။

(more…)

အတိုးစားလို့ရ မ ရ

အစ္စလာမ်ဘာသာရဲ့သွန်သင်ချက်တွေမှာ မတရားအတိုးမစားရဖူးလို့သွန်သင်တာ (မိဘ ဆရာသမားများနဲ့ အချို့သောသူငယ်ချင်းတွေကပြောတာပါ) လက်ခံပါတယ်နော်။ ဒါပေမဲ့ Xykon သိချင်တာက အစ္စလာမ်ဘာသာဝင်တယောက်အနေနဲ့ ဒီကနေ့ စီးပွါးရေးတွေထဲက စီးပွါးရေးတခုဖြစ်တဲ့ ဘဏ်လုပ်ငန်းလုပ်ကိုင်ပါက သင့်တော်မယ်လို့ထင်ပါသလား။ မသင့်တော်ဖူးလို့ထင်ပါသလား??? အရင်တုန်းကလိုပဲ မေးခွန်းလေးကို အဆင့်ဆင့်စဉ်းစားလို့ရအောင် Number တပ်ပြီးမေးပါမယ်နော်။

(၁) တကယ်လို့ သူများလုပ်နေတဲ့စီးပွါးရေးလုပ်ငန်းမှာ ရှယ်ယာဝင်ပြီး အမြတ်အစွန်းရယူတာမျိုး လုပ်နေမယ်ဆိုရင် အစ္စလာမ့်သွန်သင်ချက်နဲ့ ဘောင်ဝင်တယ်လို့ယူဆပါသလား???

(၂) Xykon အခုနေနေတဲ့နေရာမှာရှိတဲ့ လုပ်ငန်းတမျိုးပါ။ အဲ့ဒီလုပ်ငန်းရဲ့သဘောတရားကို အကျယ်ရှင်းပြပါ့မယ်နော် — Xykon အနေနဲ့ တလကိုအလုပ်လုပ်လို့ရတဲ့ ဝင်ငွေကနေပြီး ငွေအနည်းငယ်ကိုဖဲ့ဖဲ့ပြီးစုထားလို့ရပါတယ်။ တလကို ၁၀၀ဆိုကြပါစို့။ တောက်လျှောက်စုလာတဲ့ ငွေကို သူတို့က လစဉ်လစဉ် အတိုးနှုန်းတခုနဲ့ အတိုးတွက်ပေးပါတယ် (၁၀% ဆိုကြပါစို့) အချိန်အတိုင်းအတာတခုရောက်တဲ့အခါ (၁၀နှစ်ကြာပြီးတဲ့ အခါဆိုကြပါစို့) အဲ့ဒီငွေအားလုံး (အတိုးရောအရင်းပါ)ကိုပြန်ပြီးထုတ်ယူလို့ရပါတယ်။ ကဲ Xykon ကအဲ့ဒီစံနစ်ကိုကြိုက်လို့ ငွေစုမယ်။ အဲ ဘာသာရေးအရ မတရားအတိုးစားတယ်လို့ တစုံတယောက်က စွတ်စွဲပါပြီ။ Xykon အနေနဲ့ မှန်သလားမှားသလားမဆုံးဖြတ်တတ်တော့ဖူး။ ဘာသာရေးမှာ မတရား အတိုးစားခြင်းကိုပြောတာလို့ Xykon ကယူဆတာပေါ့နော်၊ ဒါပေမဲ့ ယနေ့ အစ္စလာမ်ဘာသာဝင် သူငယ်ချင်းအချို့က ဘဏ်မှာ ငွေစုပြီးရတဲ့အတိုးတောင်မသန့်ဖူး (မဂရူ မြန်မာစာလုံးပေါင်း မှန်/မှားမသိပါ) လို့ပြောပါတယ်။ အစ္စလာမ်မှာ ကိုယ့်အစွမ်းကိုယ့်အစနဲ့ရတဲ့ ပိုက်ဆံကလွဲလို့ ကျန်တာတွေက မစားထိုက်ဖူး လို့ပြောတာလဲ ကြားဖူးပါတယ်။ ကဲ ဘဏ်မှာငွေစုပြီး ဘဏ်ကပေးတဲ့ အတိုးကိုစားသည်ဖြစ်စေ။ အခုနကပြောတဲ့လုပ်ငန်းမျိုးမှာ ငွေစုပြီး ရတဲ့အတိုးကို စားသည်ဖြစ်စေ အစ္စလာမ်တယောက်အနေနဲ့ ဘာသာရေးတားမြစ်ချက်ကိုချိုးဖောက်တယ်လို့ ထင်ကြပါသလား??? မထင်ကြဖူးလား???

(၃) အစ္စလာမ်ဘာသာဝင်တယောက်အနေနဲ့ ပိုက်ဆံရှိလို့ ဘဏ်လုပ်ငန်းလို့ ယနေ့ခေါ်နေကြတဲ့ ငွေကြေးကြားခံဆောင်ရွက်ပေးပြီး အမြတ်အစွန်းရယူတဲ့ စီးပွါးရေးလုပ်ငန်းကို တည်ထောင်လုပ်ကိုင်မယ်ဆိုပါက အတိုးကို မလွဲမသွေတွေ့ကြုံရတော့မှာပါ။ အဲ့ဒါမျိုးဆိုရင် ဘာသာရေးတားမြစ်ချက်ကို ချိုးဖောက်တယ်လို့ ထင်ကြပါသလား??? မထင်ကြဖူးလား???

(more…)

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (မေးသူမှ ၄)

Reply by Xykon on July 25, 2009 at 1:56am
Send Message
Delete

ဒဲဒ် ဘော်ဒီ လှုလို့ မရဘူးလို့ လူတွေက ယူဆနေလို့ စအူဒီကဆေးကျောင်းတွေမှာ ဒဲဒ်ဘော်ဒီတွေကို တစ်ခြားနိုင်ငံတွေကနေ အင်မ်ပို့တ် လုပ်ပြီး သင်ကြားနေရတယ်။

The Sage ရေ အဲ့ဒါသေချာရင်တော့ Xykon အူနှိပ်နေရပြီ၊ ရီရလွန်းလို့လေ၊ လူသေရင် ကိုယ်ခန္ဓာလှူလို့မရဖူးလို့ လက်ခံတဲ့ဘာသာက သူ့ဘာသာသင်ကြားချက်ကို မျက်မှောက်မပြုတဲ့ ဆန့်ကျင်အားပေးတဲ့ အမှုကိစ္စကိုကျတော့ မတားတဲ့အပြင် အားပေးလိုက်သေးလို့ တခြားဘာသာဝင်တယောက်ကများပြောလာရင် ဘယ်လိုပြန်ပြောမလဲ နားထောင်ချင်လိုက်တာ။ ငါ့စကားနွားရ (စကားပုံရှိလို့ သုံးတာပါနော် ရိုင်းတယ်ထင်ရင် ခွင့်လွှတ်ပေးပါ) ပြန်ပြောတတ်တဲ့လူကလွဲရင်၊ ဖြောင့်မှတ်မှန်ကန်စွာရှင်းလင်းတတ်သူအဖို့မှာ တော်တော်ဖြေရခက်မဲ့ မေးခွန်းပဲ။ ဘာနဲ့တူနေသလဲလို့ဆိုတော့ မတရားအတိုးစားခြင်းကို ကန့်ကွက်တယ်လို့အော်နေပြီး ပိုက်ဆံမရှိလို့ မတရားအတိုးစားသူ ဆီမှာ ပစ္စည်းသွားပေါင်ပြီးငွေချေးသလိုပဲ။ အပြင်ကကြည့်ရင်တော့ မမှားသလိုလိုနဲ့ တကယ်တမ်းကကျတော့ ကိုယ်တိုင်အားပေးအားမြှောက်ပြုသူဖြစ်မှန်းမသိ ဖြစ်နေတာပေါ့နော်။

အဲ ပြောရင်းနဲ့ မေးစရာတခုရလာလို့ ဆက်မေးပါရစေနော်၊ The Sage မှမဟုတ်ပါဖူး အစ္စလာမ့်ဘာသာဝင် မည်သူမဆို ကိုယ်ပိုင်အမြင်ကို တင်ပြကြည့်ကြပါနော်။ အမေးလေးတွေကို သီးသန့်တင်ပေးပါ့မယ်နော်

အာယဟ်တော် ၅း၃၃ နှင့်ပတ်သတ်၍ အမေး အဖြေ

Xykon မှမေး

အကိုပေးတဲ့ စူရဟ် နဲ့အာယဟ်တော် ကိုဖတ်ရင်းနဲ့ ရှေ့နောက်ဝဲယာ လျှောက်ပြီးဖတ်လိုက် Xykon တွေ့တဲ့ အာယဟ်တော် ၅း၃၃ မှာက

” အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (၏ အမိန့်တော်များ) ကို (သွေဖည်ငြင်းဆန်ပုန်ကန်) တိုက်ခိုက်ကြကုန်၏။ ၎င်းပြင် ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်ကြကုန်၏။ ထိုသူတို့၏ အပြစ်ဒဏ်သည်ကား ၎င်းတို့သည်သတ်ဖြတ်ခြင်းခံကြရမည်၊ သို့မဟုတ် လက်ဝါး ကပ်တိုင်တင်ခြင်း ခံကြရမည်၊ သို့မဟုတ် ၎င်းတို့၏ ခြေလက်တို့ကို လက်ျာ လက်ဝဲဘက် လွှဲ၍ ဖြတ်တောက်ခြင်းခံကြရမည်၊ သို့မဟုတ် ပြည်နှင်ဒဏ် ပေးခြင်းခံကြရမည်ဖြစ်၏။ ဤသည်ကား ၎င်းတို့အား မျက်မှောက်ဘဝ၌ ကျိုးယုတ်ရှက်ရဖြစ်စေခြင်းပင်ဖြစ်၏။ ၎င်းပြင် ထိုသူတို့၌ နောင်တမလွန်ဘဝတွင်(လည်း) အလွန်ကြီးလေးသော ပြစ်ဒဏ်သည် ရှိပေမည်။ “

လို့ရေးထားတာတွေ့တယ်… အဲ့ဒီမှာမရှင်းတာလေးမေးချင်လို့…

” ထိုသူတို့၏ အပြစ်ဒဏ်သည်ကား ၎င်းတို့သည်သတ်ဖြတ်ခြင်းခံကြရမည်၊ သို့မဟုတ် လက်ဝါး ကပ်တိုင်တင်ခြင်း ခံကြရမည်၊ သိသို့မဟုတ် ၄တို့၏ ခြေလက်တို့ကို လက်ျာလက်ဝဲဘက်လွှဲ၍ ဖြတ်တောက်ခြင်းခံကြရမည်၊ သို့မဟုတ် ပြည်နှင်ဒဏ် ပေးခြင်းခံကြရမည်ဖြစ်၏။ ဤသည်ကား ၎င်းတို့အား မျက်မှောက်ဘဝ၌ ကျိုးယုတ်ရှက်ရဖြစ်စေခြင်းပင်ဖြစ်၏။ “

ဆိုတာတွေက Islam တွေကလုပ်ရမှာလား… ဒါမှမဟုတ် သူ့ဟာသူ အဲ့ဒီအပြစ်ဒဏ်တွေကို ခံစားရမှာလား.. တကယ်ဆို Isreal တွေ Islam တွေကို မိုက်ရိုင်းတိုက်ခိုက်နေတာ သူတို့ဘာဖြစ်လို့ အဲ့ဒါတွေမခံစားရတာလဲ…

————————————

The Sage မှဖြေ

ချစ်ခင် လေးစားအပ်ပါသော ကျွန်တော့်ရဲ့ သာသနာ့ ခရီးဖော် စိုင်ကွန် မေးထားတဲ့ နောက်မေးခွန်းတစ်ခု ကတော့ ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် တော် ၅ (အလ်မာအိဒဟ်)၊ အာယဟ်တော် ၃၃ နဲ့ဆက်စပ်မေးတဲ့ မေးခွန်းပါ။ အာယဟ်တော် ရဲ့ မြန်မာဘာသာပြန်ကို အရင်ရေးပြပါ့မယ်။

“အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်
တော်မြတ် (၏အမိန့်တော်များ) ကို (သွေဖည် ငြင်းဆန် ပုန်ကန်) တိုက်ခိုက်ကြကုန် ၏။
၎င်းပြင် ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီး ကြောင်း ကို ပြုလုပ်ကြကုန်၏။ ထိုသူတို့၏
အပြစ်ဒဏ်သည်ကား ၎င်းတို့သည် သတ်ဖြတ်ခြင်း ခံကြရမည်၊ သို့မဟုတ် လက်ဝါးကပ်
တိုင် တင်ခြင်း ခံကြရမည်၊ သို့မဟုတ် ၎င်းတို့၏ ခြေလက်တို့ကို လက်ျာ လက်ဝဲ ဘက်
လွဲ၍ဖြတ်တောက်ခြင်း ခံကြရမည်၊ သို့မဟုတ်ပြည်နှင်ဒဏ် ပေးခြင်း ခံကြရမည် ဖြစ်၏။
ဤသည် ကား၎င်းတို့အား မျက်မှောက် ဘဝ ၌ကျိုးယုတ်ရှက်ရဖြစ် စေခြင်း ပင် ဖြစ်၏။
၎င်းပြင် ထိုသူတို့၌ နောင်တမလွန်ဘဝတွင် လည်း)အလွန်ကြီးလေးသောပြစ်ဒဏ်သည်
ရှိပေမည်။”

အထက်ပါ အာယဟ်တော် က အလ္လာဟ်အရှင်မြတ်က ပြစ်မှုဆိုင်ရာ ဥပဒေ တစ်ခု နဲ့ ပြစ်ဒဏ် တွေ
ကို ပြဋ္ဌာန်းနေခြင်းဘဲ ဆိုတာကို သေသေချာချာ နားလည်အောင်ဖတ်တတ်တဲ့ သူတိုင်းက သိကြမှာပါ။

အထက်မှာ တင်ပြထားတဲ့ မြန်မာဘာသာပြန်မှာ “(၏အမိန့်တော်များ)” “(သွေဖည် ငြင်းဆန် ပုန်ကန်)”စတဲ့ လက်သည်းကွင်းနဲ့ ရေးထားတဲ့ စာသားတွေက မူရင်းအရဗီ မှာလုံးဝ မပါပါဘူး။ ဆရာကြီးအလ္လာမဟ် ဃာဇီဟာရှင်မ် က ဖတ်သူတွေကို ရှင်းပြလိုတဲ့ စေတနာနဲ့ ထည့်ရေးခဲ့တာလို့ ယူဆပါတယ်။ မူရင်း အရဗီ မှာ “အလ်လဇီးန ယုဟားရိဗူး နလ္လားဟ ဝရစူလဟူ” ပါ။ အဓိပ္ပါယ် က “အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ် တမန်တော်မြတ် ကို တိုက်ခိုက်ကြကုန် ၏။” အဲလိုပါ။

ဒီတော့ အရမ်းကိုရှင်းနေတာက၊ အလ္လာဟ်အရှင်မြတ်နဲ့ ရစူလ်တမန်တော်မြတ်ကို တိုက်ခိုက်တဲ့ သူတွေကို အထက်ပါ ပြစ်ဒဏ်လေးခု ထဲက တစ်ခုခုပေးရမယ် လို့ ပြစ်ဒဏ် ပြဋ္ဌာန်း ထားတယ် ဆိုတာပါဘဲ။ ဟုတ်ပြီ ဒါတော့ ရှင်းပြီ၊ ဒါဆို “တိုက်ခိုက်တယ်” ဆိုတာက ဘာကိုဆိုလိုတာလဲ? အဲဒီ အပြစ်ဒဏ်တွေကိုရော မုစ်လင်မ် တွေက ပေးရမှာလား၊ စီရင် ရမှာလား?

ဒီတော့ “တိုက်ခိုက်တယ်” ဆိုတဲ့ အဓိပ္ပါယ် ကို သေချာစဉ်းစားကြည့်ရင် တိုက်ခိုက်တာပါဘဲ။
ဆွေးနွေးတာမဟုတ်ပါဘူး။ ဝေဖန်တာမဟုတ်ပါဘူး။ သက်သက်ကို တိုက်ခိုက်တာပါ။
စော်ကားတာပါ။ အသရေဖျက်တာပါ။ ဥပမာနဲ့ ပြောပါ့မယ်၊ ကာဖိရ် တစ်ယောက်က အစ္စလာမ်
သာသနာ နဲ့ပတ်သတ်ပြီး ဆွေးနွေးလိုတဲ့၊ ဝေဖန်လိုတဲ့ သဘောနဲ့ “အလ္လာဟ်ကိုရောဘယ်သူက
ဖန်ဆင်းတာလဲ? အရာရာဟာဖန်ဆင်းခြင်းခံရတာဆို?” အဲလိုပြောလာရင် အဲဒါဟာ ဆွေးနွေး
တာပါ၊ ဝေဖန်တာပါ။ တိုက်ခိုက်တာလို့ပုဒ်မတတ်လို့မရပါဘူး။ အစ္စလာမ်ကအဲလိုမေးခွန်း
တွေကို ကြိုဆိုပါတယ်။ အဲလိုမေးတဲ့သူတွေကို ကြိုဆိုပါတယ်။ နွေးထွေးစွာကိုကြိုဆိုတာပါ။
စူရဟ် ၁၆၊ အာယဟ်တော် ၁၂၅ ကို ကြည့်ပါ။ နောက် ဥပမာတစ်မျိုးပြောမယ်၊ ကာဖိရ် တစ်
ယောက်က မုစ်လင်မ် တွေကို နာကျင်ခံစားစေလိုတဲ့ သဘောယုတ်၊ သဘောဆိုးနဲ့ “အရှင်မြတ်”
ဆိုတဲ့ မြန်မာစကားကို “အသေရှုံး”၊ “အလ္လာဟ်” ကို “အသွား”၊ “အပြန်”၊ “မုဟမ္မဒ်” ကို “ဟိုဟာမက်”၊
“ဒီဟာမက်”။ အဲလိုမျိုး ပြောင်လှောင်ခေါ်ဆိုရင်တော့ အဲဒါ တိုက်ခိုက်တာပါ၊ စော်ကားတာပါ၊
ယုတ်မာတာပါ၊လူမဆန်တာပါ။ အထက်ပါ အာယဟ်တော်မှာ ပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်လေးမျိုးထဲကတစ်မျိုးမျိုးဟာ အဲလို တိုက်ခိုက်တဲ့ လူတွေအတွက်ပါ။ ဒါရှင်းပါပြီနော်။

ကောင်းပြီ ဒါဆိုရင် နောက်မေးခွန်းတစ်ခုက၊ အဲဒီပြစ်ဒဏ်တွေကို စီရင်ပိုင်ခွင့် ဘယ်သူ့မှာရှိတာလဲ? မုစ်လင်မ် တိုင်းမှာရှိတာလား? ဆိုတော့ မရှိပါဘူး။ ဘာလို့မရှိလည်းဆိုရင် ဒါဟာဥပဒေကပြဋ္ဌာန်းတဲ့ ပြစ်ဒဏ်မို့လို့ပါဘဲ။ ဒါဆိုဘယ်သူတွေမှာရှိလဲ? အစ္စလာမ့်ဥပဒေကို အပြည့်အဝကျင့်သုံးတဲ့ အစ္စလာမ့်နိုင်ငံ တွေမှာ ခန့်ထားတဲ့ တရားရုံးတော် တွေမှာဘဲ (တစ်နည်းအားဖြင့်) အစ္စလာမ့်တရားသူကြီး တွေမှာဘဲ ပြစ်ဒဏ်စီရင်ပိုင်ခွင့်ရှိပါတယ်။ ဒီလိုဘဲ စီရင်လိုက်လို့ရလား လို့တစ်စုံတစ်ယောက်ကမေးလာပြန် ရင်တော့၊ “တရားစီရင်ခြင်း” ဆိုတဲ့ စကားရပ် ရဲ့ အဓိပ္ပါယ် ကိုအရင် နားလည်အောင်လုပ်ပါလို့ဘဲ ကျွန်တော် ပြောလိုက်မှာပါ။

ဥပဒေချိုးဖောက်မှုနောက်တစ်ခုဖြစ်တဲ့ “ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်း” ဆိုတာကိုတော့ ထပ်ရှင်းပြနေစရာလိုမယ် မထင်ပါဘူး။ အစ္စရာအီလ် တွေက မုစ်လင်မ် တွေကိုနှိပ်စက်တာ ဘာလို့ဘာမှ မဖြစ်လဲဆိုတာကိုတော့ ဖြေစရာကို မလိုတော့ဘူးထင်ပါတယ်။ မလိုတော့ဘူးလို့ထင်ရ ခြင်းကိုအထောက်အပံ့ပေးထားတဲ့ အချက်တွေ ထဲက နှစ်ချက်ကိုဘဲ ပြောပါ့မယ်။ (၁) ကုရ်အာန်မှာ မုစ်လင်မ်တွေကို နှိပ်စက်တဲ့ လူတွေကို အဲဒီပြစ်ဒဏ်တွေ ပေးရမယ်လို့ မိန့်ထားတာမဟုတ်ပါဘူး။ (၂) မုစ်လင်မ်တွေကို နှိပ်စက်တဲ့ လူတွေကို အလ္လာဟ်အရှင်မြတ်က ဒီလောကမှာကို အဲဒီပြစ်ဒဏ်တွေ ပေးမယ်လို့ မိန့်ထားတာမဟုတ်ပါဘူး။

စိုင်ကွန် နဲ့ ကျွန်တော် အပါအဝင် အားလုံး ကို အကျိုးရှိစေနိုင်မယ့် ခုလို မေးခွန်းတွေ ကို
ကြိုဆိုလျက်ပါလို့ ပြောကြားရင်း။

ကျေးဇူးတင်ပါတယ်။

ဝလ္လာဟုအအ်လမ်၊ ဝစ္စလာမ်
The Sage

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (The Sage ဖြေ ၅)

သာသနာ့ မွေးချင်းတစ်ဦးဖြစ်တဲ့ စိုင်ကွန် မေးထားတဲ့ မေးခွန်း လေး ခု အနက် သုံးခု ကို ကုရ်အာန်အာယဟ် အထောက်အထား ပြုထားတဲ့ ကျွန်တော့် ရဲ့ အမြင်တွေနဲ့ ဖြေကြားပြီးပါပြီ။ ကုရ်အာန် အာယဟ်တော် ၅း၃၂ ဟာ စိုင်ကွန် မေးထားတဲ့ မေးခွန်း သုံး ခုစလုံး အတွက် ကာဗာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အဖြေ တွေကို စိုင်ကွန် ကိုယ်တိုင်က ကျေကျေနပ်နပ် လက်ခံ ခဲ့ပါတယ်။ ချီးမွမ်းထောမနာ အလုံးစုံဟာ “မှအပအခြားကိုးကွယ်ရာမရှိသော” အလ္လာဟ် အရှင်မြတ်အတွက် သာလျှင် ဖြစ်ပါတယ်။

စိုင်ကွန် မေးထားတဲ့ မေးခွန်းနံပါတ် လေး ရဲ့ အဓိက အချက်ကတော့ လူတစ်ယောက်ဟာ သူသေဆုံးသွားရင် သူ့ရဲ့ခန္ဓာကိုယ်ကို ဆေးပညာဆိုင်ရာ သုတေသန အတွက် အသုံးပြုဖို့ လှု လို့ရ၊ မရဆိုတာပါဘဲ။

ကျွန်တော့် အမြင်ပြောရရင်တော့ ဆေးပညာသင်ကြားမှု၊ သုတေသန အတွက် တစ်ကယ် လိုအပ်ချက် ရှိနေတယ် ဆိုရင် တော့ သေတဲ့အခါ ဘော်ဒီ ကို လှုလို့ရပါတယ်။ အဲလိုလှုတဲ့
အခါမှာ အလ္လာဟ်အရှင်မြတ် ထံတော်ပါးကနေ နှစ်မြို့မှုရလို တယ်ဆိုတဲ့ စိတ်ထားရှိနေဖို့တော့ လို ပါတယ်။ ကျွန်တော် ဒီ အဖြေ အတွက်လည်း ကုရ်အာန် အာယဟ်တော် ကိုဘဲ
အထောက်အထားပြု ပါတယ်။ စူရဟ် ၂၊ အာယဟ်တော် ၂၀၇ ပါ။

ထို့ပြင်တဝ လူတို့အနက်အချို့သည် အလ္လာဟ် အရှင်မြတ်နှစ်မြို့တော်မူခြင်းကို ရစိမ့်သောငှါ  မိမိ၏ အသက်ကို ပင်စွန့်လှု၏။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်
သည် ဤသို့ (စေတနာဖြူစင်သော) ကျွန်များကို အလွန် ချစ်ကြင် သနားတော်မူ သောအရှင် ဖြစ်တော်မူ၏။

(more…)

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (The Sage ဖြေ (၄))

စလာမ်ပါ ခင်ဗျား။

ဟုတ်ပါတယ်။ နံပါတ် သုံး မေးခွန်းနဲ့ပတ်သတ်လို့ အထက်မှာဖော်ပြထားတဲ့ ကုရ်အာန်အာယဟ် တော်ကို
အထောက်အထားယူလို့ရပါတယ်။ ဒီ နံပါတ် သုံး မေးခွန်းနဲ့ ပတ်သတ်လို့ တစ်ခုထပ်စဉ်းစားရမှာက
သေသူ အလှုရှင်ရဲ့ အနီးကပ်ဆုံး မိသားစုဝင်တွေ က ရော လှုဖို့ သဘောတူလားဆိုတာပါ။ သူတို့ရဲ့ စိတ်ခံစားမှု
တွေကိုပါအလေးထားသင့်ပါတယ်။ သေသူ ကိုယ်တိုင်က မသေခင်ကတည်းက လှုခဲ့လို့ ဥပဒေအရတော့
ပြသာနာမပေါ်နိုင်ပေမယ့် ဘာသာရေးအရ ကြည့်ရင် တော့ အနီးကပ်ဆုံး မိသားစုဝင်တွေကပါ သဘောတူ
ရင် ပိုကောင်းမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အစ္စလာမ် က ကျန်ရစ်သူတွေရဲ့ စိတ်ခံစားမှုတွေကိုလည်း
တန်ဖိုးထားလို့ပါ။ ဒီတော့ အလှုရှင်အနေနဲ့ မသေခင်မှာ မိမိရဲ့ အလှုအကြောင်း သက်ဆိုင်ရာ မိသားစုဝင်
တွေကို ပါ ကွန်ဗင့်စ် လုပ်ခဲ့ရင် တော့အကောင်းဆုံးပါ။ ပြီးတော့ အော်ဂဲန် ထုတ်မယ်ဆိုရင်လည်း ဘော်ဒီ ကို
အတတ်နိုင်ဆုံးလေးစားသမှုပေးရပါ့မယ်။ လူသေဘဲကွာ ဆိုပြီး မလေးမစားလုပ်လို့မရပါဘူး။ အစ္စလာမ် က
လူသေတွေကို ဂုဏ်ပေးဖို့ သင်ပေးထားပါတယ်။ ဒီမေးခွန်းနဲ့ပတ်သတ်ပြီး ကမ္ဘာကျော် ပညာရှင်ကြီးတွေရဲ့
ဖသ်ဝါ တွေလည်း ရှိပါတယ်။ လေ့လာစေချင်ပါတယ်။

စိုင်ကွန်ရဲ့ မေးခွန်းလေးခု ကို ကျွန်တော်ပြီးအောင် တင်ပေးပြီးမှ မေးခွန်းအသစ်ကို
ဖြေပေးပါ့မယ် ခင်ဗျား။

လေးစားပါတယ်ဗျာ
The Sage

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (မေးသူမှ (၂) )

Reply by Xykon on July 20, 2009 at 4:30am
Send Message
Delete
စလာမ်ပါ

Xykon ရဲ့အမေးထဲက အထအန ကောက်လို့ရတာလေးတွေ Xykon ကြိုရှင်းထားချင်လို့ပါ… Xykon အနေနဲ့ ပိုင်မပိုင်လို့မေးထားမိပါတယ်… ပိုင်မပိုင်မပြောနိုင်ရင်လည်း ဒီက အကိုအမတွေရဲ့ ကိုယ်ပိုင်အမြင်ကိုမေးတာပါလို့… တကယ်လို့များ တယောက်ယောက်က ငါတို့က ဘာသာရေးအဆုံးအဖြတ်ပေးသူမဟုတ်ဖူး… ဒီတော့ ပိုင်မပိုင်လို့ပြောလို့မရဖူးလို့ပြောလာမှာစိုးလို့ပါနော်…

The Sage ကိုကျေးဇူးတင်ပါတယ်.. ကိုယ်ပိုင်အမြင်ကိုပြောပြတဲ့အတွက်ပါ… အချို့က မပိုင်ဖူးလို့ပြောတဲ့လူတွေကို The Sage မေးသလိုမျိုးတော့မေးဖူးတယ်… သူတို့လည်း ပါးစပ်ပိတ်သွားတယ်… ဒါပေမဲ့ အဓိက က NO.3 & NO.4 ပါ… Xykon ကြားဖူးတာက အပေါ်က ဟာဖိဇ် ဆားဗ် ပြောသလိုပါပဲ… ဒါပေမဲ့နားသိပ်မရှင်းတာရယ်ကြောင့်ပါနော်… တခါတရံ စကားပြောလို့ အမှားပါခဲ့ရင် ဒီက အကိုအမတွေကိုတောင်းပန်ပါတယ်နော်… Xykon အပြောမတတ်လို့ ပါ…

ဝလ္လာဟုအအ်လမ် ၊ ဝစ္စလာမ်

copy ကူးသွားတယ် 🙂

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (The Sage ဖြေ (၃))


(2) မသေခင်လှူလို့ရတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေလှူတာ အလှူခံတာ ဘာသာရေးအရခွင့်ပြုမပြု
(အသည်းနဲ့ ကျောက်ကပ်က မသေခင်မှာလှူလို့ရတယ်ဆိုတာသိထားပါတယ်)

ဒီမေးခွန်းကို လည်း လှုလို့ရပါတယ်လို့ဘဲ ဖြေမှာပါ။ ဘာလို့လဲဆိုတော့ အစ္စလာမ် က လူ့အသက်တွေကို ကယ်ဖို့
ညွှန်ကြားတဲ့ သာသနာပါ။ လူ့အသက်တစ်ချောင်းကို ကယ်ရင် လူသားအားလုံးရဲ့အသက်ကို ကယ်သလိုပါဘဲလို့
အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်က ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် တော် ၅း အာယဟ်တော် ၃၂မှာ

……….ထိုနည်းတူစွာ မည်သူမဆို လူတဦးတယောက် ကို (အသက်ဘေးအန္တရာယ်
မှ ကယ်ဆယ်ခြင်းအား ဖြင့်) အသက်ရှင်စေခဲ့ပါမူ၊ ထိုသူသည်လူအပေါင်းတို့အား အသက်ရှင်စေ
ဘိသကဲ့သို့ပင်ဖြစ်၏။……….

အမြဲသတိထားရမှာ တစ်ခုကတော့ ကိုယ်တွင်းအင်္ဂါ အော်ဂဲန်လှုမယ်ဆိုရင်လည်းပဲ
ရောင်းစားတဲ့ပုံစံမျိုးမဖြစ်ရဘူး။ ပြီးတော့ လှုလိုက်လို့ လှုတဲ့သူကအသက်အန္တရာယ်
ဖြစ်မယ် ဆိုရင်လည်းပဲ လှုလို့မရပါဘူး။

လေးစားပါတယ်ဗျာ
The Sage

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (The Sage ဖြေ (၂))

စလာမ်ပါ စိုင်ကွန် ခင်ဗျား။

သွေးလှုဘဏ်ကို သွေးပေးတဲ့လူက ရောင်းတာကိုဆိုလိုထားတာမဟုတ်ပါဘူး။
သွေးလှုတဲ့လူက ဘဏ်ကို လှုပြီး ဘဏ်က သွေးပြန်ထွက်တော့ တစ်နည်းနည်းနဲ့
ပိုက်ဆံ ကိစ္စပါဝင်နေတာကို ပြောတာပါ။ ကျန်တာတွေလည်း သိသလောက် ဖြေပေး
ပါ့မယ်။

လေးစားပါတယ်ဗျာ
The Sage

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (မေးသူမှ)

Reply by Xykon on July 20, 2009 at 2:32am
Send Message
Delete
အကိုကျေးဇူးပဲ..Xykon လိုချင်တာလည်း အဲ့ဒါပါပဲ… Xykon အနေနဲ့ကတော့ မျက်မြင် ကိုယ်တွေ့ပါ… တခါတရံ သွေးလှုဘဏ်မှာ မရောင်းပဲနဲ့ တိုက်ရိုက်လှုလို့ရပါတယ်… အများကြီးလိုက်မလုပ်နိုင်ခင်မှာ သွေးလှုတာကို ပိတ်ပင်တားမြစ်ခြင်းမရှိဖူးလို့ အကိုပြောတယ်လို့ လက်ခံယူဆပါတယ်… သွေးလှုဘဏ်က သွေးရောင်းတာကတော့ သူတို့ငရဲမကြောက်လို့လုပ်တာပဲ… islam မှမဟုတ်ပါဖူး ဘယ်ဘာသာမှာမဆို ဒါမျိုးကခွင့်ပြုမယ်လို့ မထင်ပါဖူး… ဘာသာရေးအရ တားမြစ်ထားခြင်းမရှိဖူးလို့ အားလုံးသိသွားအောင်ပြောတာကိုကျေးဇူးပါ… ကျန်တာတွေရောအကို

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား? (The Sage ဖြေ)

စလာမ်ပါ ကို /မ စိုင်ကွန် ခင်ဗျား။

ပထမဦးဆုံးအနေနဲ့-ခုလို ကျွန်တော်တို့ရဲ့ဆိုက်မှာ မင်ဘာအဖြစ် ဝင်ရောက် ပြီး၊
သာသနာတော်အတွက် အကျိုးရှိစေမယ့် ဆွေးနွေးမှုလေးကို ပြုပေးတဲ့အတွက်
IFM အဒ်မင် တွေနဲ့ မင်ဘာအားလုံး ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပါရစေ။

ကို / မ စိုင်ကွန် မေးထားတဲ့ မေးခွန်းတွေ ကို ကျွန်တော်ဖြေပြီးသားပါ၊ သို့သော် ဘယ်မှာမှ မတင်ရ
သေးဘူးလို့ ပြောဖူးပါတယ်။ ဒီဆိုက်မှာ မေးခွန်းတွေတင်ရတဲ့ ရည်ရွယ်ချက်ကလည်း တစ်ခြားသူ
တွေဘယ်လို ဖြေမလဲလို့ သိချင်တဲ့ အတွက်ပါ။ ဒါပေမယ့် ခုထိ ဟာဖိဇ် ဆားဗ် တစ်ယောက်ကဘဲ
သူ့ကိုယ်ပိုင်အမြင်နဲ့ ဖြေပေးထားတာတွေ့ရပါတယ်။ ဒီတော့ ကျွန်တော့် အနေနဲ့ ရေးထားပြီး
သားအဖြေတွေကို နည်းနည်းပါးပါး မွမ်းမံပြီး တင်ပေးသင့်နေပြီ လို့ယူဆမိတဲ့ အလျောက်
ကို / မ စိုင်ကွန် မေးထားတဲ့ မေးခွန်းတွေ ကို တစ်ခုခြင်းစီ၊ တစ်နေ့တစ်ခုစီ ဖြေပေးသွားပါ့မယ်လို့။

(1) သွေးလှူတာ တချို့ကမပိုင်ဘူးလို့ပြောကြပါတယ်… အဲ့ဒါဟုတ်ပါသလား… သွေး ၁၀ကြိမ်လှူဖူးလို့ပါ….

ကို / မ စိုင်ကွန်ရဲ့ မေးခွန်းမှာ “တချို့” လို့သုံးထားပါတယ်။ တချို့ ဆိုတာဘယ်သူတွေလဲ? အဲဒီတချို့
ဆိုသူတွေကို ပြန်မေးကြည့်လို့ရရင် နည်းနည်းမေးကြည့်လား? “သွေးလှူတာ မပိုင်ဘူးဆိုရင်၊ မပိုင်ဘူး
ပြောတဲ့ လူတွေ က သွေးလိုအပ်နေရင်ရော အလှုခံမှာလားလို့”။

ကျွန်တော့် အမြင်ပြောရရင် တော့ သွေးတစ်ကယ်လိုအပ်နေလို့ လှုတယ်ဆိုတာ ပိုင်မပိုင်
စဉ်းစားနေ ရမယ့် ကိစ္စတောင်မဟုတ်ပါဘူး။ လှုကိုလှုရမယ့် ကုသိုလ်ရေးကိစ္စပါ။
တစ်ခုတော့ ရှိတာပေါ့။ အဲလို လှုလိုက်လို့ ကိုယ့်ကျန်းမာရေး ကို မထိခိုက်ဘူးဆိုရင်ပေါ့။
ထိခိုက်မယ်ဆိုရင်တော့ အစ္စလာမ် ကလည်း ခွင့်မပြုသလို၊ ဆေးပညာဥပဒေနဲ့ ဆေးပညာရှင်
တွေကလည်း ခွင့်မပြုပါဘူး။ အထက်ပါ အမြင်က သွေးတစ်ကယ်လိုအပ်တဲ့ လူနာကို တိုက်ရိုက်သွေးလှု
တာ ကို ရည်ညွန်းပါတယ်။

သွေးလှုဘဏ်ကို လှုတဲ့ ကိစ္စမျိုးကြတော့ စဉ်းစားစရာတွေရှိလာပါပြီ။ ဘာလို့လဲဆိုတော့
သွေးတွေကို တစ်ကယ်လိုအပ်တဲ့ အခါ သွေးလှုဘဏ် က သွေးဘယ်တော့မှ အလကား
မရပါဘူး။ လှူတဲ့ လူက စေတနာသန့်သန့်နဲ့ အလကားလှုပေမယ့် သွေးလှုဘဏ်နဲ့
ဆက်စပ်နေတဲ့ လူတွေက သိတဲ့အတိုင်းပါဘဲ။ ဒီတော့ ကိုယ်က လှုလိုက်ပေမယ့် ကိုယ့်လှူလိုက်
တဲ့သွေး ကို လိုချင်တဲ့ လူတွေက ပိုက်ဆံပေးရပါတယ်။ အစ္စလာမ် မှာသွေးလှုလို့ရပေမယ့်
သွေးရောင်းစားလို့ မရပါဘူး။ ကောင်တာမေးခွန်း မေးနိုင်ပါတယ်။ “လှုတဲ့သူကပိုက်ဆံမှ
မယူတာလို့”။ အဲလိုမေးလာတော့မှ ဆက်ဖြေပေးပါ့မယ်။

ဝလ္လာဟုအအ်လမ် ၊ ဝစ္စလာမ်

မေးခွန်းတွေကို ကြိုဆိုနေမယ့်
The Sage

သွေးလှုလို့ရလား? အော်ဂဲန်လှုလို့ရလား?

Reply by Xykon on July 20, 2009 at 12:09am
Send Message
Delete
သိချင်တာကတော့ သေပီးတဲ့လူတယောက်အနေနဲ့ ဆေးပညာဆိုင်ရာအသုံးချရန်အတွက် ခန္ဓာကိုယ်လှူတဲ့ ကိစ္စပါ… အဲ့ဒါ ဘာသာရေးအရဘောင်ဝင်မဝင်သိချင်ပါတယ်… ဆင့်ပွါးမေးခွန်းတွေရှိပါသေးတယ်… ရှင်းသွားအောင် နံပါတ်လေးတပ်ပီးမေးပါမယ်…

(1) သွေးလှူတာ တချို့ကမပိုင်ဘူးလို့ပြောကြပါတယ်… အဲ့ဒါဟုတ်ပါသလား… သွေး ၁၀ကြိမ်လှူဖူးလို့ပါ….

(2) မသေခင်လှူလို့ရတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေလှူတာ အလှူခံတာ ဘာသာရေးအရခွင့်ပြုမပြု (အသည်းနဲ့ ကျောက်ကပ်က မသေခင်မှာလှူလို့ရတယ်ဆိုတာသိထားပါတယ်)

(3) မသေခင်မှာ သေတဲ့အခါအသုံးပြုလို့ရတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေလှူတာ အလှူခံတာ ဘာသာရေးအရခွင့်ပြုမပြု (မျက်ကြည်လွှာနဲ့ နှလုံးကိုသေပီးပီးချင်းထုတ်ယူပီးတခြားသင့်တော်သူကို လွှဲပြောင်းပေးလို့ရတယ်လို့သိထားပါတယ်… မျက်ကြည်လွှာကိုလှူထားပါတယ်… မျက်ကြည်လွှာက သေလို့ထုတ်ယူပီးရင် ၄လလောက်ထိန်းသိမ်းထားလို့ရတယ်လို့လည်းသိထားပါတယ်)

(4) အရေးအကြီးဆုံးမေးခွန်းပါ … တကယ်လှူချင်တဲ့ဆန္ဒရှိလို့ နီးစပ်ရာမှာမေးဖူးပါတယ်… လှူလို့မရဖူးဆိုတာပဲပြောပါတယ်… လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်မရပါဖူး
မေးခွန်းက သေဆုံးသွားသောသူတယောက်အနေဖြင့် မသေခင်ကပင် ကိုယ်ခန္ဓာတခုလုံးအား ဆေးပညာသုတေသနပြုရန်လှူဒါန်းပါက ပိုင်မပိုင်… အကျိုးအကြောင်းသင့်လေးရှင်းပြပေးပါ…

နံပါတ်၎မေးခွန်းနဲ့ပက်သက်ပီး ကိုယ်ပိုင်အမြင်ကိုပြောပါအုံးမယ်… အရင်ရှင်းပြတဲ့သူလည်းသေသေချာချာပြောပါတယ်… သူက ဂျနာဇာဘယ်လိုဖတ်မလဲလို့ပြန်မေးပါတယ်… မိုင်ယပ်ဘယ်လိုလုပ်မလဲလို့ မေးပါတယ်… အဖြေမပေးနိုင်ပါဖူး… ဒါပေမဲ့ အဲ့ဒီလိုမျိုးလှူတဲ့လူမျိုးမရှိရင် ယနေ့လိုဆေးသိပံ္ပပညာတိုးတတ်နိုင်ပါ့မလားလို့ပါ… တကယ်တော့ ဆေးပညာရှင်မဟုတ်ပါဖူး… တကယ်လို့မလိုအပ်ရင်တော့ ကိစ္စမရှိပါဖူး… ဒါပေမဲ့ စိတ်ထဲမှာ မရှင်းတာက အဲ့ဒါမျိုး islam ဘာသာမှာဘယ်လိုမှလုပ်လို့မရဖူးဆိုရင် … islam ဟာအဲ့ဒီအပိုင်းမှာ လိုအပ်နေတယ်လို့ တယောက်ယောက်ကပြောမှာကြောက်ပါတယ်… islam ကို သူလိုငါလိုလက်ခံသူလည်းမဖြစ်ချင်ပါဖူး… တကယ်ကို အခြေခံကျကျခိုင်မာစွာနားလည်ချင်လို့ပါ… ကူညီဖြေကြားပေးကြပါ…..

August 9, 2009

ရှိုင်ခ် အိဗ် နိရုရှ်ဒ် (Averroes) (ရ.ဟ)

အစ္စလာမုအလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကဟ်

အောက်မေ့ဖွယ်ရာ မုစ်လင်မ် သိပ္ပံ ဝိဇ္ဇာ စွယ်စုံပညာရှင်ကြီးတွေ ရဲ့အကြောင်းတစ်စိတ်တစ်ဒေသကို ဖတ်ရှုပြီး ညီအစ်ကိုတော်၊ ညီအစ်မတော်များ အသိ တစ်စုံတစ်ရာကို ရရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ စွယ်စုံပညာရှင်ကြီး ရှိုင်ခ် အိဗ် နိရုရှ်ဒ် (ရဟ်မသုလ္လာဟ်အလိုင်ဟ်) နဲ့မိတ်ဆက်ပေးပါ့မယ်။ ပညာရှင်ကြီးဟာC.E ၁၁၂၆ ခု၊စပိန်နိုင်ငံ ကော်ဒဗာ ခရိုင်၊ အန်ဒလုစီယာ နယ်မှာ ဖွားမြင်ခဲ့ပါတယ်။ ပညာရှင် ကြီးဟာ အရဗ်လူမျိုးပါ။ အမည်အပြည့်အစုံကတော့ အဗူလ်ဝလီဒ် မုဟမ္မဒ် အိဗ်နိအဟ်မဒ် အိဗ်နိမုဟမ္မဒ် အိဗ်နိရုရှ်ဒ်ပါ။ ပညာရှင်ကြီး ကို ဥရောပသမိုင်း က လက်တင်အမည် အဗာရိုအေ(ဇ်) (Averroes) နဲ့ မှတ်တမ်းတင်ကြပါတယ်။

အထက်မှာမိတ်ဆက်ပေးခဲ့တဲ့ပညာရှင်ကြီးတွေလို ဒီပညာရှင်ကြီးဟာလည်း စွယ်စုံပညာရှင်ကြီးတစ်ပါးပါ။ ဒဿနိကဗေဒ၊ ယုတ္ထိဗေဒ၊ စိတ်ပညာ၊ နိုင်ငံရေးပညာ တို့မှာ ပါရဂူမြောက်ရုံမက ဆေးပညာ၊နက္ခတ္တဗေဒ၊ ပထဝီပညာ၊ သင်္ချာပညာ၊ ရူပဗေဒ စတဲ့ပညာရပ်တွေရဲ့ ဝိဇ္ဇာကြီးပါ။ ဘာသရေးဘက်မှာဆိုရင်လည်း ကုရ်အာန်ဋီကာပညာရှင်၊ ဟဒီးစ်ပညာရှင်၊ မာလိကီ ဥပဒေသိပ္ပံပညာရှင် စတဲ့ ဘွဲ့ထူးတွေကို ပိုင်ဆိုင်ခဲ့သူပါ။ C.E ၁၁၆၀ မှာ စပိန်နိုင်ငံ စဗီးလ် ခရိုင်ရဲ့ တရားသူကြီးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ သူ့ဘဝတစ်လျှောက် စဗီးလ်၊ ကော်ဒဗာ နဲ့ မော်ရိုကို တို့မှာ တရားရေးအရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပညာရှင်ကြီးဟာ အစ္စလာမ့်ဒဿနိကဗေဒ၊ အာရဗီ
ဆေးပညာ၊ အာရဗီသင်္ချာပညာ၊ အာရဗီနက္ခတ္တဗေဒ၊ အာရဗီသဒ္ဒါ၊ ရှရီအဟ် နှင့် အစ္စလာမ့်ဥပဒေသိပ္ပံဆိုင်ရာ ကျမ်းပေါင်းများစွာကို ပြုစုခဲ့ပါတယ်။ ဒါ့အပြင် အရစ္စတိုတလ်
ရဲ့ အတွေးအခေါ်အတော်များများရဲ့အဖွင့်ကျမ်းတွေ၊ ပလေတိုရဲ့ ရပဘ်လစ် ကျမ်းရဲ့ဋီကာ စတာတွေကို ပြုစုခဲ့ပြီး ဂရိအတွေးအခေါ်နဲ့ဥရောပ ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဂရိပညာရှင်တွေ ပြုစုခဲ့တဲ့ကျမ်းတွေရဲ့အဖွင့်ကျမ်းတွေပြုစုခဲ့ပေမယ့် မှားတယ်လို့ယူဆတဲ့ အတွေးအခေါ်တွေကိုတော့ ပြတ်ပြတ်သားသားထိထိမိမိ ငြင်းချက်ထုတ်ခဲ့ပါတယ်။ ဆေးပညာဆိုင်ရာကျမ်းတွေကိုလည်းပြုစုခဲ့ပါသေးတယ်။ ထင်ရှားတဲ့ကျမ်းတွေက ကုလ္လီယဟ် ခေါ် အထွေထွေ ဆေးပညာစွယ်စုံကျမ်း၊ ဂရိပညာရှင်ကြီး ဂလန် ရဲ့ကျမ်း များ
ပေါင်းချုပ် နဲ့ ဋီကာများ၊ အထက်မှာမိတ်ဆက်ပေးခဲ့တဲ့ ပါရှန်းမုစ်လင်မ် စွယ်စုံပညာရှင်ကြီး ရှိုက်ခ်အိဗ်နိစီနာ ရဲ့ “အလ်ကာနူန်ဖွိသ်သွိဗ်” ခေါ် ဆေးပညာဆိုင်ရာကျမ်းစုကြီး
ရဲ့ ဋီကာတွေပါ။ ပညာရှင်ကြီး ယုံကြည်ယူဆခဲ့တာက ဘာသာရေး (အစ္စလာမ်) နဲ့ ဒဿနိကဗေဒ ပညာတို့အကြား ဘယ်လိုဝိရောဓိမျိုးမှမရှိဘူးဆိုတာပါ။ သူ့ရဲ့ အတွေး အခေါ်တွေဟာ အလယ်ခေတ် ခရစ်ရှန် အတွေးအခေါ်ပညာရှင် စိန့်သောမတ်စ်အကွီနတ်စ်၊ ဂျူးလူမျိုးအတွေးအခေါ်ပညာရှင် အတော်များများကိုလည်းလွှမ်းမိုးခဲ့ပါသေးတယ်။ သူရဲ့အတွေး အခေါ်ဝါဒတွေကို အဗာရိုအိဇင်မ် လို့ လူသိထင်ရှားဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့လူသားတွေအပေါ်ပြုခဲ့တဲ့ပညာရှင်ကြီးရဲ့ ကျေးဇူးတွေအထဲက အနည်းငယ်ကို တင်ဆက်
ပေးပါ့မယ်။

နက္ခတ္တဗေဒ နယ်ပယ်မှာ ဆိုရင် နေမျက်နှာပြင်ပေါ်မှာရှိတဲ့အစက်အပျောက် နဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တွေရေးသားခဲ့သူတွေထဲကတစ်ဦးပါ။ ဂြိုဟ်နက္ခတ်တွေရဲ့ လှုပ်ရှား
သွားလာပုံကို သုတေသနပြုပြီးနောင်တစ်ခေတ်မှာထင်ရှားလာခဲ့တဲ့ဂျာမန်လူမျိုးနက္ခတ္တဗေဒပညာရှင် ယိုဟာနတ်စ်ကဲပ်လာ လို ပညာရှင်မျိုးတွေအတွက် လမ်းပြ ခဲ့ပါတယ်။ ရူပဗေဒ ပညာရပ်မှာ………..အိနားရှား ရဲ့သဘောတရားကို ကဲပ်လာမတိုင်ခင်ကတည်းကပထမဦးဆုံးရှာဖွေတွေ့ရှိခဲ့သူပါ။ “သက်ရောက်မှုအား” (Force) ရဲ့ သဘောတရား ကိုလည်းပထမဦးဆုံးနဲ့ အမှန်ကန်ဆုံးတွေးခေါ်တင်ပြခဲ့သူပါ။ ဆေးပညာနယ်ပယ်မှာဆိုရင်…………….သူပြုစုခဲ့တဲ့ ကုလ္လီယဟ် ခေါ် အထွေထွေ ဆေးပညာစွယ်စုံကျမ်းမှာ ဇီဝကမ္မဗေဒ၊ အထွေထွေရောဂါဗေဒ၊ ရောဂါရှာဖွေခြင်း၊ဆေးပညာဆိုင်ရာ ပစ္စည်း၊ကိရိယာများ၊ ကျန်းမာရေးသိပ္ပံ၊ ကုထုံးဆိုင်ရာများစတာတွေ ကို အတော်စုံလင်စွာဖော်ပြ
ထားပါတယ်။ ကျောက်ကြီးရောဂါ ဟာ လူတစ်ယောက်ရဲ့ဘဝမှာ နှစ်ခါမဖြစ်ဆိုတဲ့ အသိကို စတင်ဖော်ပြခဲ့ပါတယ်။ ရတီနာ (retina) (ခေါ်) မြင်လွှာအမြှေးပါးရဲ့ လုပ်ဆောင်
ချက်အပြည့်အဝကိုရှာဖွေ တွေ့ရှိခဲ့သူပါ။ သူ့ရဲ့ ကုလ္လီယဟ် ခေါ် အထွေထွေဆေးပညာစွယ်စုံကျမ်းကြီးဟာ လက်တင်ဘာသာနဲ့ဟီဘရူးဘာသာတို့ကို အကြိမ်ကြိမ် ပြန်
ဆိုခြင်းခံခဲ့ရပါတယ်။ လူသေခွဲစိတ် ခြင်းဆိုင်ရာအကြောင်းအရာတို့ကိုလည်းရေးသားခဲ့ပါတယ်။ လူသေခွဲစိတ်ခြင်းနဲ့ပတ်သတ်ပြီးသူ့ရဲ့ အလွန်တရာ မှတ်သားဖွယ်ရာ မှတ်ချက်ကတော့

    “ခန္ဓာဗေဒနဲ့ လူသေခွဲစိတ်ခြင်း သိပ္ပံ ပညာကို နက်နဲစွာလိုက်စားသူတွေ ဟာသူတို့ရဲ့ အလ္လာဟ် (ဖန်ဆင်းရှင်) နဲ့ပတ်သတ်တဲ့ ယုံကြည်မှုတွေ ပိုပြီး တိုးပွါးခိုင်မာ လာပါတယ်”

ဆိုတာပါ ဘဲ။ ဒါဟာလုံးဝ မှန်ကန်တဲ့စကားပါဆိုတာကို လူသေအလောင်း (သို့) လူရှင်ကိုခွဲစိတ်ဖူးတဲ့ မုစ်လင်မ် ဆရာဝန်တိုင်း က ထောက်ခံမှာအသေအချာပါ။ လူသား ဟာအလ္လာဟ်အရှင်မြတ်ရဲ့ ဖန်ဆင်းမှုတွေထဲမှာ အကောင်းဆုံးဘဲဆိုတာ လုံးဝငြင်းလို့မရပါဘူး။ ဆီးလမ်းကြောင်းနဲ့ အဖိုမျိုးပွါးမှု အင်္ဂါဆိုင်ရာပညာရပ် (ယူရလဂျီ)နဲ့ ပတ်
သတ်ပြီး အမျိုးသားများရဲ့ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်မှု ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းရောဂါတွေ(Impotency,Sexual dysfunction SD) စတာတွေကိုလည်း ရှင်းလင်းပြ
ပြီး ဆေးဝါးကုထုံးတွေကို ပထမဦးဆုံးတီထွင် ခဲ့သူပါ။ အာရုံကြောဆိုင်ရာပညာနဲ့ ဆက်စပ်ပြီး ယနေ့ခေတ်လူတွေသိတဲ့ ပါကင်ဆန် ရောဂါ ဆိုတာ ရှိကြောင်း ကို လည်း ဆွေးနွေးခဲ့ပါသေးတယ်။ စက္ခုပညာနဲ့ပတ်သတ်ပြီး ဖိုတိုရစဲပ်တာ ခေါ် အလင်းကိုအာရုံခံတဲ့ဆဲလ်တွေဟာ မြင်လွှာအမြှေးပါးမှာ ရှိကြောင်း ကို ပထမဦးဆုံးကမ္ဘာကို တင်ပြ
ခဲ့သူပါ။ အထက်မှာတင်ပြခဲ့တဲ့ စွမ်းဆောင်ချက်တွေအပြင် အစ္စလာမ့်ဥပဒေဆိုင်ရာပညာရပ်တွေမှာလည်းစွမ်းဆောင်ခဲ့တာတွေရှိပါသေးတယ်။ အစ္စလာမ့်ဥပဒေကို မာလိကီ
နည်းပညာနဲ့ဖွင့်ဆိုသူ ဖြစ်တဲ့ ပညာရှင်ကြီးဟာ အလွန်ကျော်ကြားတဲ့ မာလိကီဥပဒေနည်းပညာဆိုင်ရာဋီကာကျမ်းကြီး”ဘိဒါယသုလ်မုဂ်ျသဟိဒ် ဝန်နိဟာယသုလ် မုက်သစိဒ်” ကိုလည်းပြုစုခဲ့ပါတယ်။ ကမ္ဘာကို ကြီးမားတဲ့ကျေးဇူးတွေပြုခဲ့တဲ့ ပညာရှင်ကြီးဟာ C.E ၁၁၉၈ မော်ရိုကိုနိုင်ငံ မှာ အလ္လာဟ် အရှင်မြတ်ထံတော်ကို ပြန်လည် ကြွမြန်းခဲ့ပါတယ်။
ယာ……ရဗ္ဗလ်အာလမီးန် ပညာရှင်ကြီး ရှိုင်ခ် အိဗ်နိရုရှ်ဒ် (ရဟ်မသုလ္လာဟ်အလိုင်ဟ်)ကို ဂျန္နဟ်သုလ်ဖိရ်ဒေါစ်မှာအလွန်မြင့်မားတဲ့ အဆင့်အတန်းပေးသနားတော်မူပါ။ အာမီးန်……….။

လေးစားပါတယ်ဗျာ

The Sage

August 8, 2009

“မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (3)

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ဖွားမြင်တော်မူပြီ။

ဆောင်းနှောင်းနွေဦးပေါက်ရာသီ ရဗီအုလ်အော်ဝ်ဝလ်လ ၏ ကိုးရက်မြောက်၊တနင်္လာနေ့ (အချို့အဆိုများအရ ရဗီအုလ်အော်ဝ်ဝလ်လ ၁၂ ရက်)၊

ခရစ်ရှန်ဘုရင်အဘ်ရဟာမက္ကဟ် သို့ကျူးကျော်ရှုံးနိမ့်ပြီး ၅၅ ရက် အကြာ တွင် ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင် ဟိဝစလ်လမ်) သည်

မက္ကဟ်ရှိ “ရှိအဗ် ဗနူဟာရှင်မ်” ၌ ဖွားမြင်တော်မူခဲ့လေသည်။

အဲ အလ္လာဟ် အစ်နာကျီးစ်ကေ ဟဲဟီး ကိယားအော်ကားသ်
ဂျိုကရေ အဒါရေ ရှူကုရ် သေရေး ဝိုနဲအ်မသ်ကေ ။
အိစီးနဲအ်မသ်ကေ သူနဲ စိရာဂျေမုနီးရ် ဘေဂျေ။

ဖိရ်ဘီ ကဟွန်းက ဟမ်ဒ်ဝစနာ ဇရူးရ် ဘရ်ပူးရ်
ကရိုးရွန်းစလားမ် အော်ရ် စလ်ဝါးသ် ဟို
ရဲဟ်မသုလ်လိလ်အားလမီးန်ပေ။

Ae Allah, Is Naa kyees key hai hi kiya awkaat
jo karey adaae shukur theray wo nemat kay
Isee nemat kay thune Siraje Muneer bayjay

Phir bhi kahoon ga hamd wa sana zaroor barpoor,
karooron salaam aur salwaat ho
Rehmatul Lil Aaalameen pay.

အထက်ပါကတော့ ကျွန်တော်ဒီပို့စ်ကိုရေးရင်းနဲ့ ကိုယ်တော်မြတ် ရဲ့ဖွားမြင်ခြင်း အကြောင်း ရောက်တော့ ရင်ထဲက ဆန္ဒအပြည့်နဲ့ ချက်ချင်းစပ်ဆိုမိတဲ့ အူရဒူ ကဗျာချိုးလေးပါ။ အူရဒူ မတတ်သူများအသံဖလှယ်လွယ်ကူဖို့ အင်္ဂလိပ်အက္ခရာတွေနဲ့ပါ ရေးပြထားပါတယ်။ မြန်မာဘာသာပြန်ကတော့………

အိုအလ္လာဟ် ကျွန်ပ်ကဲ့သို့ ဘာမဟုတ်သည့် သူ၏ အဆင့်အတန်းကမည်မျှရှိနေ၍
အရှင့် ကျေးဇူးတော်ကို ဆပ်နိုင်မည်နည်း။ ထိုကျေးဇူးတော်ကား “စိရာဂျေမုနီးရ်”
(လင်းဝင်းတောက်ပသော မီးရှူးမီးတိုင် / သူရိယ) ပင်။

သို့သော်ငြှားလည်း အရှင့်အားချီးမွမ်းထောမနာခြင်းနှင့်အရှင့်သန့်စင်မြင့်မြတ်ပုံ
ကိုတော့ များစွာ ရွတ်ဆိုပါမည်။

ကုဋေနှင့်ချီသော စလာမ်နှင့်ဆွလဝါးသ်များကိုလည်း “ရဲဟ်မသုလ်လိလ်အားလမီးန်”
(စကြဝဠှာအပေါင်းအတွက်ကရုဏာတော်) အပေါ် ပို့ဆက်ပါမည်။

အာရဗီဘာသာစကားဖြင့် “ဆင်” ကို ဖီလ်ဟုခေါ်ဆိုပါသည်။ အဘ်ရဟာ၏ဆင်တပ်ကို အစွဲပြု၍ ထိုနှစ်သည် (ကိုယ်တော်မြတ်ဖွားမြင်သောနှစ်) အာမုလ်ဖီလ် (ဆင်နှစ်) ဟု တွင်ခဲ့လေသည်။ ဂရီဂိုရိယန် ပြက္ခဒိန် အရ ထိုနေ့သည် C.E 571 ဧပြီလ ၂၂ ရက် တွင် ကျရောက်သည်။

အာမိနာသခင်မကိုယ်ဝန်ရှိစဉ်တွင် သူမသည် သူမ၏ ဝမ်းဗိုက်မှ လွန်စွာလင်းဝင်းတောက်ပသော အလင်းရောင်တစ်ခုထွက်လာပြီး ထိုအလင်းရောင်ကြောင့် ဆီးရီးယားရှိနန်းဆောင်များသည်လည်း လင်းဝင်းရောင်ပြန်ဟပ်သည် ဟု အိပ်မက်မြင်မက်ခဲ့လေသည်။ မီးဖွားချိန်ကျရောက်သောအခါ အဗ်ဒုရ်ရဟ်မာန်ဘင်န်အော်ဖ် (ရသွီယလ်လာဟုသအာလာအန်ဟု) ၏ မိခင်ဖြစ်သူ ရှိဖွာ ဘင်န်သိ အမရ် သည် ဝမ်းဆွဲအဖြစ် ဆောင်ရွက်ခဲ့သည်။ ဘိုးတော်အဗ်ဒုလ်မုသွာလိဘ် သည် မြေးဦးဖွားမြင်
ခြင်းကြောင့်အလွန်အမင်းဝမ်းမြောက်ပြီး မြေးဦးလေးအား ကအ်ဗဟ်ကျောင်းတော်သို့ ချီပွေ့ယူ ဆောင်သွားပြီး အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင် ရှုကုရ် ပြု၍ အထံတော်မှ ကောင်းခြင်း အဖြာဖြာကိုတောင်းခံ ခဲ့ပေသည်။ မြေးဦးလေးသည် ကြီးစွာသောချီးမွမ်းခြင်းကို ခံရမည့်သူဟု ယုံကြည်သည့်အလျောက် “မုဟမ္မဒ်” ဟုအမည်မှည့်ခဲ့လေသည်။ အရဗ်တို့၏ ထုံးတမ်းဓလေ့အရ ခုနှစ်ရက်မြောက်သောနေ့တွင် ကလေး (ကိုယ်တော်မြတ်) ၏ ဦးခေါင်းမှ ဆံပင်များကိုရိတ်ပယ်ခဲ့ လေသည်။ ၎င်းနောက်သူသည်မက္ကဟ်သားတို့အားဖိတ်ခေါ်စုရုံး၍ ထမင်းစားပွဲကြီးကို ပွဲခံ ခဲ့ပေသည်။

မုဟမ္မဒ်အား ပထမဦးဆုံး မိခင်ဖြစ်သူ အာမိနာသခင်မက နို့ချိုတိုက်ကျွေးပြီး၊ နောင်တွင် သူ၏ ဖခင်၏ ကျွန်မတစ်ဦးဖြစ်သူ အုမ် အိုင်မာန် က နို့ချိုတိုက်ကျွေး ခဲ့ပေသည်။ အုမ် အိုင်မာန် သခင် မ သည် အဘိစီးနီးယန်းလူမျိုးဖြစ်ပြီး အမည်ရင်း မှာ ဗရကဟ် ဖြစ်သည်။ သူမသည် အစ္စလာမ်ကို သက်ဝင်ခဲ့ပြီး မဒီနဟ်သို့ဟိဂ်ျရသ် ပြုခဲ့သူလည်းဖြစ်သည်။ ကိုယ်တော်မြတ် ဤလောကမှ ကြွမြန်း ပြီးခြောက်လအကြာတွင် မဒီနဟ် မြို့၌ပင် အလ္လာဟ့်အမိန့်ခံယူခဲ့လေသည်။
(ရသွီယလ်လာဟုသအာလာအန်ဟာ)။

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

“မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (2)

ဗနူဟာရှင်မ် ဟူသော အနွယ်အမည်

ကိုယ်တော်မြတ်၏ အနွယ်အမည်မှာ ဗနူဟာရှင်မ်ဖြစ်သည်။ ကိုယ်တော်မြတ်၏ဘေးတော် ဟာရှင်မ် ကို အစွဲပြု၍ဗနူဟာရှင်မ် (ဟာရှင်မ်၏သားမြေးများ) ဟုတွင်ခဲ့ခြင်းဖြစ်သည်။ ဘေးတော်ဟာရှင်မ် သည် မက္ကဟ်ဘုရားဖူးများကို အိမ်ရှင်အဖြစ် ကြိုဆိုဧည့်ခံတည်ခင်း ရသော တာဝန်ကို နှစ်ခြိုက်စွာ ထမ်းဆောင်ခဲ့ပြီး သူလွန်သောအခါသူ၏ညီ မုသွာလိဘ် က ဤတာဝန်ကိုဆက်လက် ထမ်းဆောင် ခဲ့လေသည်။ မုသွာလိဘ်လွန်သောအခါဟာရှင်မ် ၏သားမြေးများက ဤတာဝန်ကို ပြန်လည်လက် လွှဲယူခဲ့ သည်မှာ ကိုယ်တော်မြတ်၏ ရှရီအသ်အရ အစ္စလာမ် သာသနာပြန်လည် ရှင်သန်လာသည့် ကာလအထိပင်။

အစဉ်အဆက် ကုန်ရောင်းကုန်ဝယ်လုပ်ငန်း လုပ်ကိုင်ကြသည့် ကုရိုက်ရှ်များအတွက် ဆောင်းရာသီ တွင်ယီမင်၊ နွေရာသီတွင် ဆီးရီးယား ဒေသများသို့ ကုန်ခရီးများကို ဟာရှင်မ်ကပင်စီစဉ်ပေးရလေ သည်။ ဤသို့ ကုန်စည်ကူးသန်းရောင်းဝယ်မှုသည် ကုရိုက်ရှ် လူမျိုးစုအတွက် အရေးပါခဲ့ရုံမက၊ အလွန်ပင်အကျိုးကြီးမားခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်က ကုရိုက်ရှ်တို့အပေါ်ပြုပေးသနားတော် မူခဲ့သော ဤသည့် ကျေးဇူးကို ပြန်ပြောင်းသတိရစေရန်အလို့ငှါ ကျမ်းတော်မြတ်ကုရ်အာန် စူရဟ်

၁၀၆ တွင် ကုရိုက်ရှ် တို့၏ ကုန်စည်ကူးသန်းရောင်းဝယ်မှုခရီးများတွင် အလ္လာဟ်အရှင်မြတ်က စောင့်ရှောက်တော်မူခဲ့သည့်အကြောင်းမိန့်ကြားထားပေသည်။

ဟာရှင်မ် သည် ဆီးရီးယားသို့ ခရီးသွားရာတွင် ယသ်ရိဘ် (နောင်တွင် မဒီနဟ် ဟုတွင်လာသည့်) မြို့ကိုဖြတ်သန်းသွားလေ့ရှိသည်။ ယင်းသို့ဖြတ်သန်းသွားလေ့ရှိရာ၊ တစ်ကြိမ်တွင် ယသ်ရိဘ် အရောက်ဗနူ အဒီ ဘင်န် နဂ်ျဂျာရ် လူမျိုးစုမှ စလ်မာ ဘင်န်သိ အမရ် အမည်ရှိ အမျိုးသမီးနှင့် ထိမ်းမြားခဲ့ပြီးသားတစ်ဦးထွန်းကားခဲ့လေသည်။ ထိုသားငယ်မွေးဖွားစဉ်တွင် ဆံပင်တွင် အဖြူကြား များပါရှိနေသည်ကို အစွဲပြု၍ စလ်မာ ဘင်န်သိ အမရ် သည်သူ၏ သားအား “ရှိုင်ယ်ဗာ” (ဆံဖြူရှင်) ဟုအမည်မှည့်ခဲ့လေသည်။ ဟာရှင်မ် သည် ယသ်ရိဘ် မြို့မှ ပြန်ခါနီးတွင် သူ၏ ဇနီးသည်ဖြစ်သူ စလ်မာ ဘင်န်သိ အမရ်သည် “ရှိုင်ယ်ဗာ” အားကိုယ်ဝန်လွယ်ထားဆဲပင် ရှိနေခဲ့သည်။ ဟာရှင်မ် သည် မက္ကဟ်သို့ပြန်ရောက်ပြီး ကွယ်လွန်သွားလေခဲ့ရာ၊ ဟာရှင်မ်၏သား “ရှိုင်ယ်ဗာ” ၏မွေးဖွား ခြင်းနှင့်ပတ်သတ်၍ ဟာရှင်မ်၏ဆွေမျိုးတစ်ဦးတစ်ယောက်မှ မသိလိုက်ရပေ။

ဟာရှင်မ်ကွယ်လွန်ပြီးရှစ်နှစ်ခန့် ကြာတော့မှသာလျှင် ဟာရှင်မ်၏ညီ မုသွာလိဘ်သည်”ရှိုင်ယ်ဗာ” သည် ဟာရှင်မ်၏သားဖြစ်သည်ဟူသောအချက် အားစုံစမ်းမိလေတော့သည်။ ၎င်းနောက် မုသွာလိဘ်သည် သူ၏ အစ်ကိုသားဖြစ်သူ “ရှိုင်ယ်ဗာ” အားမက္ကဟ်မြို့သို့ခေါ်ဆောင်ခဲ့လေသည်။ မုသွာလိဘ် နှင့် ရှိုင်ယ်ဗာ တို့နှစ်ဦး မက္ကဟ်မြို့သို့ ဝင်ရောက်လာသောအခါ လူအများက ရှိုင်ယ်ဗာ အားမုသွာလိဘ် ၏ ကျွန်အဖြစ်မှတ်ထင်မိကြသည့်အလျောက် “အဗ်ဒုလ် မုသွာလိဘ်”(မုသွာလိဘ် ၏ကျွန်) ဟူ၍သာခေါ်ဝေါ် နှုတ်ကျိုးခဲ့ကြလေတော့သည်။ ဤသို့ဖြင့် ဟာရှင်မ်၏ သား ရှိုင်ယ်ဗာ သည်မူလအမည်ပျောက်၍ “အဗ်ဒုလ် မုသွာလိဘ်” ဟူ၍သာ ကျော်ကြားလာခဲ့သည်။

အဗ်ဒုလ် မုသွာလိဘ် သည် အလွန်ခန့်ညားတည်ကြည် ရှုချင်စဖွယ် ရုပ်ရည် ရှိသူအဖြစ်ကြီးပြင်း လာခဲ့ပြီး ကုရိုက်ရှ် လူမျိုးစု၏ အရေးပါသောခေါင်းဆောင်တစ်ဦး

အဖြစ်ရပ်တည်လာခဲ့ပေသည်။ သူသည် ကုရိုက်ရှ်လူမျိုးစု၏ အဓိပတိ ဖြစ်လာခဲ့ပြီး သူ၏ ရက်ရောမှုကြောင့် “ရက်ရောသူ အဗ်ဒုလ် မုသွာလိဘ်” အဖြစ်ထင်ရှားခဲ့သည်။ သူသည်ပိုလျှံနေသော အစားအသောက်များအား မရှိဆင်းရဲသားများသာမက တိရိစ္ဆာန် များနှင့် ငှက်များအားလည်း ရက်ရောစွာ ကျွေးမွေးစောင့်ရှောက်သူဖြစ်သည်။ ဤအတွက်ကြောင့် လူအများကသူ့အား “မြေပြန့်ရှိ လူများ၊ သားရဲ တိရိစ္ဆာန်များ နှင့်တောင်ပေါ်ရှိငှက်များအားကျွေးမွေးစောင့်ရှောက်သူ” ဟုခေါ်ဝေါ်လာကြပြန်လေသည်။

အဗ်ဒုလ် မုသွာလိဘ် သည် ဇမ်ဇမ်ရေတွင်းကို ပြန်လည်ရှာဖွေတွေ့ရှိသူဟူသော ဂုဏ်ကိုလည်းပိုင်ဆိုင်ခဲ့သူဖြစ်သည်။ ဤရေတွင်းသည် တမန်တော်အိစ္စမာအီလ် ကလေးသူငယ်ဘဝက သူ၏မိခင်ဟာဂျရဟ်သခင်မကြီးက သဲကန္တာရတွင် ပြေးလွှားရေ ရှာနေခဲ့စဉ် ကလေးငယ်တမန်တော်အိစ္စမာအီလ်သဲပြင်ခြောက်ခြောက်ကို ခြေဖြင့်ကန်ကျောက်ရာမှ အလ္လာဟ့်အလိုတော်ဖြင့် ရေထွက်လာခဲ့သောရေတွင်းဖြစ်လေသည်။ ဂျုရ်ဟုမ်အမည်ရှိ လူမျိုးစုသည် မက္ကဟ်မြို့မှ နယ်နှင်ဒဏ်ပေးခံရသောအခါ

ဤရေတွင်းအားဖုံးအုပ်ဖျောက်ဖျက်သွားရာမှ အဗ်ဒုလ် မုသွာလိဘ် ကပြန်လည်ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။

အဗ်ဒုလ် မုသွာလိဘ်လက်ထက်တွင် ကျူးကျော်သူ အဘိစီးနီးယန်း (အီသိယိုပီးယန်း) ခရစ်ရှန်ဘုရင်အဘ်ရဟာ က ကအ်ဗဟ်ကျောင်းတော်ကို ဖျက်စီးရန် ကြီးမားလှသော ဆင်တပ်ကြီးဖြင့် မက္ကဟ်မြို့ကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့လေသည်။ ဤအကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန် စူရဟ် ၁၀၅တွင် အလ္လာဟ်အရှင်မြတ်က

မိန့်ဆိုထားလေသည်။ ယင်းအဘ်ရဟာသည် စစ်သားပေါင်းခြောက်သောင်းဖြင့်ဖွဲ့စည်းထားသော စစ်တပ်ကြီးကို ဦးစီး၍ စစ်ချီလာခဲ့ခြင်းဖြစ်သည်။ ဤသို့ဖျက်စီးရန် အကြံမည်သို့ဖြစ်တည်လာသနည်းဟူမူ ၎င်းအဘ်ရဟာသည် ယီမင်ပြည်တွင် အလွန်ကြီးမားခမ်းနားသောသောခရစ်ရှန်ချာခ်ျ ကို တည်ဆောက်ခဲ့သော်ငြှားလည်း ကအ်ဗဟ်ကျောင်းတော်တွင်သာ ဘုရားဖူးများဖြင့်စည်ကားနေခြင်းကြောင့် မနာလိုမရှုစိမ့်ဖြစ်ခဲ့ခြင်းအကြောင်းခံကြောင့်ပင်။

ယင်းခရစ်ရှန်ဘာသာဝင်ဘုရင် အဘ်ရဟာ၏စစ်တပ်အား အလ္လာဟ်အရှင်မြတ်က မည်သို့မည်ပုံရှုံးနိမ့် ပျက်စီးစေခဲ့ကြောင်း စူရဟ် ၁၀၅ ဘာသာပြန်အားဖတ်ရှု ကြည့်ကသိနိုင်ပါသည်။ဤသည်ကား အလ္လာဟ်အရှင်မြတ်အားဝတ်ပြုရန်မျက်နှာလှည့် ရာ အမှတ်သညာ ကျောင်းတော်အားဖျက်စီးရန်ကြံရွယ်သူတို့အတွက် လောကီပြစ်ဒဏ်ပင်။ မက္ကဟ်သမိုင်း၏ဤအဖြစ်အပျက်ကြောင့်အဘ်ရဟာ၏ စစ်တပ်ကြီးအားဆန့်ကျင်၍ ကြံ့ကြံ့ခံရပ်တည်ခဲ့သော အဗ်ဒုလ် မုသွာလိဘ် ၏ စိတ်ဓာတ်

သည် လည်းမှတ်တမ်းတွင်ခဲ့လေသည်။ အဗ်ဒုလ် မုသွာလိဘ်သည် သူ၏ ပိုင်ဆိုင်မှုများအတွက်အဘ်ရဟာအားရဲဝံ့စွာဆန့်ကျင်ခဲ့ပြီး၊ ကအ်ဗဟ်ကျောင်းတော်ကိုမူ ပိုင်ရှင်ဖြစ်သည့် အလ္လာဟ်ကသာစောင့်ရှောက်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ခဲ့သည်။ (အဗ်ဒုလ် မုသွာလိဘ်၏ယုံကြည်မှုကဲ့သို့ကျွန်ပ်တို့ မုစ်လင်မ်များ ယုံကြည်ကျင့်သုံးရမည်ဟုလုံးဝမဆိုလိုပါ။ သမိုင်းလာ အဗ်ဒုလ် မုသွာလိဘ်၏ ခံယူယုံကြည်ခဲ့ပုံကိုသာ ရေးပြခြင်းဖြစ်ပါသည်။)

အဗ်ဒုလ် မုသွာလိဘ်၏ သားဖြစ်ပြီး ကိုယ်တော်မြတ်(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ဖခင်ဖြစ်သူ အဗ်ဒုလ္လာဟ် သည် အလွန်ခန့်ညားကြည့်ချင် ရှုချင်စဖွယ် သောလူငယ် တစ်ဦးဖြစ်သည်။အဗ်ဒုလ္လာဟ် သခင် သည် ဝဟ်ဘ် ဘင်န် အဗ်ဒုမုနာဖ်၏သမီးအာမိနာသခင်မနှင့်ထိမ်းမြားလက်ထပ်ခဲ့ပြီးများမကြာမီပင် အာမိနာသခင်မသည် ကိုယ်ဝန်ရှိလေတော့သည်။ သို့သော် မီးမဖွားမှီပင် အဗ်ဒုလ္လာဟ်သခင်အားသူ၏ ဖခင်က ယသ်ရိဘ် သို့ ကုန်ရောင်းကုန်ဝယ်ကိစ္စအလို့ငှါစေလွှတ်ခဲ့ရာ လမ်းခရီးတွင်

အဗ်ဒုလ္လာဟ်သခင် ကွယ်လွန်ရှာလေသည်။

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ

The Sage

“မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)

အစ္စလာမုအလိုင်ကွမ်ဝရဟ်မသုလ်လာဟိ ဝဗရကဟ်

ကျွန်တော့်ရဲ့လေးစားချစ်ခင်အပ်ပါသော အိုင်အဲဖ်အမ် မင်ဘာ သာသနာ့ညီအစ်ကိုတော်၊ ညီအစ်မတော်များရဲ့ သာသနာ့ “အသိ” တိုးပွါးစေလိုသော ရည်ရွယ်ချက်မွန် နဲ့ ဤ “မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) အခန်းဆက် ပို့စ်ကို စတင်ရေးသားရခြင်းဖြစ်ပါတယ်။ ဒီခေါင်းစဉ်ဟာ ကျွန်တော်တို့ အလွန်အင်မတန်
ချစ်ကြည်မြတ်နိုးကြတဲ့ စကြဝဠှာခပ်သိမ်း၊ လောကခပ်သိမ်း အတွက် မဟာကရုဏာတော်တစ်ရပ်အဖြစ် စေလွှတ်ခြင်းခံရတော်မူသောကိုယ်တော်မြတ် (ဆွလ်လလ်လာဟု
အလိုင်ဟိဝစလ်လမ်) ရဲ့ ဘိုင်အိုဂရာဖီ ကို ကျွန်တော်သိ သမျှ ၊လက်လှမ်းမှီသမျှ ထဲက ကောက်နှုတ် ရေးသားခြင်းပါ။ ကိုယ်တော်မြတ်ရဲ့ အင်မတန်မြင့်စွင့်လှစွာသောဘဝ နဲ့ စာရိတ္တ တော်ကို အပြည့်အစုံ ဖော်ကြူးနိုင်ဖို့ ကျွန်တော့်ရဲ့ ကလောင်သွားမှာအင်အားစွမ်းပကားလုံးဝမရှိပါဘူး။ အဲဒီ အတွက် ကျွန်တော့်အရေးအသားတွေမှာအမှားအယွင်း
လိုအပ်ချက်များရှိခဲ့လျှင်၊ ကျွန်တော့်ရဲ့အားနည်းချက်သက်သက်သာဖြစ်ပါတယ်။ အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်စေ၊ မရှင်းလင်းသောအချက်တစ်ခုခု ဖြစ်စေ၊ မြင်တွေ့မိပါက စာရှု “အသိ” ယူသူညီအစ်ကိုတော်၊ ညီအစ်မတော်များအနေနဲ့ ကျွန်တော့်အား ပြုပြင်ပေးစေလိုပါတယ် လို့မေတ္တာရပ်ခံရင်း…………

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏။

အလ္လ္လာဟုမ္မဆွလ္လိအလာ မုဟမ္မဒင်န်၊ ဝအလာ အားလိ မုဟမ္မဒင်န်၊ ကမာဆွလ်လိုင်သ၊ အလာ အိဗ်ရာဟီးမ၊ ဝအလာ အားလိ အိဗ်ရာဟီးမ၊ အင်န်နက ဟမီးဒုန် မဂျီးဒ်။

အလ္လ္လာဟုမ္မ ဗားရိက်၊ အလာ မုဟမ္မဒင်န်၊ ဝအလာ အားလိ မုဟမ္မဒင်န်၊ ကမာဗားရတ်က်သ၊ အလာ အိဗ်ရာဟီးမ၊ ဝအလာ အားလိအိဗ်ရာဟီးမ၊ အင်န်နက ဟမီးဒုန် မဂျီးဒ်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ ဘ၊ဘိုး၊ဘေး၊ဘီ၊ဘင် အထက်အဆက်အနွယ်

ဘ၊ဘိုး၊ဘေး၊ဘီ၊ဘင် အထက်အဆက်အနွယ် မျိုးရိုးစဉ်ဆက်မှတ်တမ်းတင်ခြင်းသည် အာရေဗျလူမျိုး တို့၏ အဝန်းအဝိုင်းတွင် အလွန်အရေးပါသောအမှုတစ်မှုဖြစ်သည့်အလျောက်၊ ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ မျိုးရိုးဆင်းသက်ပုံသည်လည်း တိကျသေသပ်စွာမှတ်တမ်း တင်ထားခြင်းခံခဲ့ ရပေသည်။ ကိုယ်တော်မြတ် သည် တမန်တော်ကြီး အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏သားတော်ကြီး တမန်တော်အိစ္စမာအီးလ်(အလိုင်ဟိစ္စလာမ်) မှတစ်ဆင့်ဆင်းသက်လာသူ အရဗ် စစ်စစ်ဖြစ်ပေသည်။ ကိုယ်တော်မြတ်၏ ဘ၊ဘိုး၊ဘေး၊ဘီ၊ဘင် အထက်အဆက်အနွယ် မျိုးရိုး အစဉ် အဆက်ကို ဖော်ပြရသော်…………….

မုဟမ္မဒ် ဘင်န် အဗ်ဒုလ္လာဟ် ဘင်န် အဗ်ဒုလ် မုသွာလိဘ် ဘင်န် ဟာရှင်မ် ဘင်န် အဗ်ဒုမုနားဖ် ဘင်န် ကုဆိုင်ယ် ဘင်န် ကိလဘ် ဘင်န် မုရ်ရဟ် ဘင်န် ကအဘ် ဘင်န် လုအိယ် ဘင်န် ဂါလိဘ် ဘင်န် ဖိဟ်ရ် ဘင်န် မာလိက် ဘင်န် နာဒိရ် ဘင်န် ကိနာနာ ဘင်န် ခုဇိုင်ယ်မဟ် ဘင်န် မုဒ်ရိကာ ဘင်န် အိလ်ယားစ် ဘင်န် မုဒရ် ဘင်န် နိဇာရ် ဘင်န် မအဒ် ဘင်န် အဒ်နန်၊ အဒ်နန်သည် တမန်တော်အိစ္စမာအီးလ် မှတစ်ဆင့်ဆင်းသက်လာသူ ဖြစ်သည် ကို ပညာရှင်အားလုံးက အကွဲအလွဲမရှိ လက်ခံထားပေသည်။ ဤသည်ကား ကိုယ်တော်မြတ် ၏ ဖခင်အဆက်အနွယ်တည်း။  ကိုယ်တော်မြတ်၏ မိခင်အမည်မှာ အာမိနာ ဖြစ်ပြီး၊ ကိုယ်တော်မြတ်၏ မိခင်ဘက်မှအဘိုး၏ အမည်မှာ ဝဟ်ဘ် ဘင်န် အဗ်ဒုမုနာဖ် ဖြစ်ပေသည်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ လူမျိုးစု

ကိုယ်တော်မြတ်သည် အာရေးဗျပြည်တွင် ဂုဏ်သိက္ခာအရှိဆုံးသော လူမျိုးစု ဖြစ်သည့် ကုရိုက်ရှ် အနွယ်ဝင်ဖြစ်လေသည်။ ကုရိုက်ရှ်သည် ဖိဟ်ရ် ဘင်န် မာလိက် နှင့် နာဒိရ်

ဘင်န် ကိနာနာ တို့၏ အပိုဆောင်းနာမည်ဖြစ်သည့်အားလျော်စွာ သူတို့၏သားမြေးတို့ သည် နောက်ပိုင်းတွင် “ကုရိုက်ရှ်” ဟုထင်ရှားခဲ့ကြလေသည်။ကုရိုက်ရှ် လူမျိုးစုသည် အာရေးဗျ ကျွန်းဆွယ် တစ်ခွင်လုံးတွင် ဂုဏ်သိက္ခာကြီးမား သော လူမျိုးစုအဖြစ်ရပ်တည်လာခဲ့ကြသည်။ ကုရိုက်ရှ်လူမျိုးစုဝင်တစ်ဦးဖြစ်သော ကုဆိုင်ယ် သည် ကုရိုက်ရှ် လူမျိုးတို့၏ ကြီးကျယ်မှုကို ဖြစ်တည်စေခဲ့သော အခန်း ကဏ္ဏ များ တွင် အလွန်အရေးပါသော နေရာမှပါဝင်ခဲ့လေသည်။ ကုဆိုင်ယ် ၏အမည်ရင်း မှာ ဇိုင်ဒ် ဖြစ် ပြီး သူ၏ဖခင်ကွယ်လွန်ပြီးနောက် သူ၏ မိခင် ပြောင်းရွှေ့နေထိုင်ရာ ဆီးရီးယားပြည်အနီးရှိ အဇ်ရာ လူမျိုးစု တို့၏ ဒေသတွင် ကြီးပြင်းလာသူဖြစ်ပေသည်။ လုလင်ပျိုအရွယ်သို့ရောက်သောအခါသူသည် မက္ကဟ်မြို့သို့ ပြန်လာခဲ့ပြီး ကအ်ဗဟ် ကျောင်းတော်အုပ်ချုပ်ရေးအခွင့်အာဏာ ကို ပေးအပ်ခြင်းခံခဲ့ရသည်။ ဤမြင့်မားလှသော ရာထူးအဆင့်အတန်းအရ သူအလိုရှိသောအချိန်နှင့် သူအလိုရှိသော သူအား ကအ်ဗဟ် ကျောင်းတော်တံခါးကိုဖွင့်ပေးရန် အာဏာလည်းရရှိခဲ့ပေသည်။ မက္ကဟ်မြို့သို့လာရောက် သော ဘုရားဖူးခရီးသည်များအား မြို့ခံများမှ အစားအသောက်များချက်ပြုတ်ကျွေးမွေး ဧည့်ခံခြင်း၊ ပျားရည်၊ စွန်ပလွန်သီး နှင့် စပျစ်သီးခြောက်များဖြင့်ပြုလုပ်ထား
သောအဖျော်ယမကာများ တည်ခင်းခြင်း၊စသည့်ဓလေ့တို့ကိုလည်း စတင်ခဲ့သူဖြစ်သည်။ သူသည် ကအ်ဗဟ်ကျောင်းတော်၏မြောက်ဖက်တွင် ဒါရုလ်နဒ်ဝဟ် အမည်ရှိ
အဆောက်အအုံကြီးတစ်ခုကိုလည်းတည်ဆောက်ခဲ့ပြီး၊ ယင်းအဆောက်အအုံ သည် အရဗ်လူမျိုးစု အသီးသီးတို့၏စည်းဝေးရာ၊ လူမျိုးစုလွှတ်တော်ဌာနေ အဖြစ်လည်းကောင်း၊ လက်ထပ်ပွဲများကျင်းပရာခန်းမဆောင်ကြီးအဖြစ်လည်းကောင်း တည်ရှိခဲ့ပေသည်။

၎င်းပြင် သူသည် ကုရိုက်ရှ်လူမျိုးစု ၏ နိုင်ငံရေး၊ စီးပွါးရေး၊ စစ်ရေး စသည်တို့၏ အခွင့်အာဏာကို ယုံပုံလွှဲအပ်ခြင်းခံခဲ့ရသူလည်းဖြစ်သည်။ သူ၏ မျိုးချစ်စိတ်ဓာတ် ထက်သန်မှု၊ သဘောထားကြီးမှု၊ညဏ်အမြှော်အမြင်ကြီးမှုတို့ကြောင့် သူ၏ဦးဆောင်မှုကို မျိုးနွယ်စုဝင်အားလုံးက ကြည်ဖြူကျေနပ်စွာနာခံခဲ့ပြီး နောက်ပိုင်းတွင် ကုရိုက်ရှ်လူမျိုးစုသည် ကျွန်းဆွယ်တစ်လျှောက် ပွါးများပြန့်နှံ့လာခဲ့ပေသည်။ ဤသည်ကား ကိုယ်တော်မြတ် ၏ မျိုးနွယ်စု “ကုရိုက်ရှ်” အကြောင်း တစ်စေ့တစ်စောင်းပင်။

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

အကြီးကျယ်ဆုံးသော တန်ခိုးပြာဋိဟာ သက်သေ လက္ခဏာတော်

Filed under: ကုရ်အာန် — The Sage @ 10:55 am

အထက်ပါပို့စ် တွင် ကျမ်းတော်မြတ် ကုရ်အာန်သည် “ကိုယ်တော်မြတ် မုဟမ္မဒ်ရရှိခဲ့သော အကြီးကျယ်ဆုံးသောတန်ခိုးပြာဋိဟာပင် မဟုတ်လော” ဟု ရေးသားတင်ပြအဆိုပြုခဲ့ပါသည်။ ယခုပို့စ် တွင်မူ အထက်ပါအဆို အားထောက်ခံ ရှင်းလင်းမည့် တင်ဆက်မှု ကို နိဒါန်းပျိုးအစပြု ရေးသား ပါမည်။

ကိုယ်တော်မြတ် မုဟမ္မဒ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မတိုင်မှီ ရှိနှင့် ခဲ့ကြသော နဗီတမန်တော်အားလုံးတို့ သည် အရှင်မြတ်အထံတော်မှ သူတို့ ယူဆောင်လာသော အမှန်တရား (သောဝ်ဟီးဒ်) အား အထောက်အပံ့ပြုရန်အာယားသ် (သက်သေ လက္ခဏာတော်များ) ပေးအပ်ခြင်းခံခဲ့ကြရလေသည်။ တမန်တော်မူစာ (အလိုင်ဟိစ္စလာမ်)၏ တန်ခိုးပြာဋိဟာတော်တစ်ရပ်ဖြစ်သည့် ပင်လယ်ပြင် ကို နှစ်ခြမ်း ခွဲခြင်း၊ တမန်တော်အီစာ(အလိုင်ဟိစ္စလာမ်) ၏တန်ခိုးပြာဋိဟာတော်တစ်ရပ်ဖြစ်သည့် သေသူကို တစ်ဖန်ပြန်ရှင်အောင် ပြုခြင်း၊ စသည့်အကြောင်းများသာ ကျမ်းတော်မြတ်ကုရ်အာန်တွင် မပါဝင်ခဲ့ပါက မုစ်လင်မ်များသည် အထက်ပါ တန်ခိုးပြာဋိဟာများအား အဖြစ်မှန်များအဖြစ်လက်ခံယုံကြည် ရန် ဧကန်မုချ တွန့်ဆုတ် ကြမည်သာ၊ ငြင်းပယ်ကြမည်သာ။

အရိုးသားဆုံး တွေးခေါ်ရပါမူ အထက်ပါ ကဲ့သို့ သက်သေ လက္ခဏာတော်များ(သို့) တန်ခိုးပြာဋိဟာများတို့သည်မိမိကိုယ်တိုင် မမြင်တွေ့ခဲ့ဖူးသော ကျွန်ပ်တို့အပါအဝင်အခြားတို့အဖို့ ထိုစာအုပ် (ကုရ်အာန်) အား ရည်ညွန်းခြင်းမှအပ ယုံကြည်နိုင်လောက်အောင် အခြားခိုင်လုံသော မည်သည့် သက်သေပြချက်မှ မပေးနိုင်သည့် ရှေး ပုံပြင်ဟောင်းများသဖွယ်ပင်။ မဟုတ်လော? သို့သော် မုစ်လင်မ်များကမူ အထက်ပါကဲ့သို့သော တန်ခိုးပြာဋိဟာ သဘာဝလွန်များကို
ကျမ်းတော်မြတ် ကုရ်အာန်တွင် ဖော်ပြပါရှိနေ၍ သာ ယုံကြည်ကြလေသည်။ အဘယ်ကြောင့် ဆိုသော် ထိုကျမ်းတော်မြတ်၏ စစ်မှန်တိကျ မှုကို မုစ်လင်မ်များကအကြွင်းမဲ့ယုံကြည်ကြသော ကြောင့်ပင်။ ထိုကုရ်အာန်ကျမ်းတော်မြတ်သည်အလ္လာဟ်အရှင်မြတ်၏ “စကားတော်” စစ်စစ်ဖြစ် သည်ဟု ယုံကြည်ကြသောကြောင့်ပင်။ မည်သည့်အတွက်ကြောင့်ဤသို့ယုံကြည်ကြသနည်း? ခိုင်လုံသော အကြောင်းပြချက်ကားရှိရမည်သာ။ ရှိသလော? သို့တည်းမဟုတ် “ငါတို့ကိုးကွယ်သည့်ဘာသာတရား၏ အထွတ်အမြတ်ထားရာကျမ်းဖြစ် ၍ ငါတို့ ယုံကြည်သည်” ဆိုသည့် မျက်ကန်း ယုံကြည်ချက်မျိုးလော?

အချို့သောနဗီတမန်တော်များ ပေးအပ်ခြင်းခံခဲ့ရသည့် တန်ခိုးပြာဋိဟာ များနှင့် ကိုယ်တော်မြတ်မုဟမ္မဒ် ရရှိခဲ့သည့်ကျမ်းတော်မြတ်ကုရ်အာန် ၏ တန်ခိုးပြာဋိဟာတို့ ၏ အခြေအနေ သည်လွန်စွာကွာခြား လှပေသည်။ အချို့သောတမန်တော်များ ၏ တန်ခိုးပြာဋိဟာတို့သည် သူတို့ခေတ်အခါက ပြုခဲ့သည်ဖြစ်သောကြောင့် ယနေ့ခေတ်တွင် သိပ္ပံ နည်းကျစွာ
မည်သို့မှသက်သေပြနိုင်မည်မဟုတ်ပေ။ ၎င်းပြင် ထိုထို တမန်တော်ကြီး တို့ (အလိုင်ဟိမုစ္စလာမ်) ရခဲ့သောကောင်းကင်ကျမူရင်း ကျမ်းတော်အစစ်တို့သည် လည်း ဤကမ္ဘာမြေမှ မည်သည့်အချိန် မည်သို့ ပျောက်ပျက်သွားခဲ့သည်ကိုလည်း ယနေ့မည်သူမျှမသိပေ။ သို့သော် ၊ သို့သော်………လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ ကျော် အလျှင်က ကိုယ်တော်မြတ် မုဟမ္မဒ်(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ထံပို့ ချခြင်းခံ ခဲ့ရသော် ကျမ်းတော်မြတ်ကား ယနေ့တိုင် မုစ်လင်မ်တိုင်း၏အိမ်၌မူမယွင်း ရှိနေလေသည်။ ဟာဖိဇ်တော်များ ၏ နှလုံးသားထက်၌ အက္ခရာမယွင်း တည်ရှိနေလေသည်။ ရွှေဘိုသား မြန်မာလူမျိုး စစ်စစ် ဟာဖိဇ် ဖြစ်ဖြစ်၊ အိန္ဒိယသား အသားဖြူ ၊ အသားမည်း ကုလား လူမျိုး ဟာဖိဇ် ဖြစ်ဖြစ်၊ ဆွေမျိုးပေါက်ဖော် အသားဝါ တရုတ်လူမျိုး ဟာဖိဇ် ဖြစ်ဖြစ်၊ အာဖရိကန်အသားမည်းကပ္ပလီလူမျိုးဟာဖိဇ်ဖြစ်ဖြစ်၊အင်္ဂလန်ပြည်သား ကုလားဖြူခေါ် အင်္ဂလိပ် လူမျိုးဟာဖိဇ် ဖြစ်ဖြစ်၊ ကန္တာရသား အာရပ်လူမျိုးဟာဖိဇ် ဖြစ်ဖြစ်၊ မည်သည့်လူမျိုးဟာဖိဇ် ဖြစ်ဖြစ် ကျမ်းတော်မြတ်ကို အာဂုံဆောင် ထိန်းသိမ်းထားရာ၌ လုံးဝ အကွဲအလွဲမရှိ အက္ခရာတစ်လုံးဝိဝါဒ မရှိ။ ကမ္ဘ္ဘာ့တောင်ဝင်ရိုးစွန်းရှိ ကျမ်းတော်မြတ်နှင့် ကမ္ဘ္ဘာ့မြောက်ဝင်ရိုးစွန်းရှိ ကျမ်းတော်မြတ်တို့ တစ်ထေရာတည်း၊ တစ်မူတည်း၊ မူကွဲလုံးဝ (လုံးဝ) မရှိ။ ဤသို့ ဂုဏ်ကို ဆောင်ထားသော အခြားကျမ်းမျိုးဤကမ္ဘာမြေတွင် ရှိသလော? ဤကျမ်းကို နှစ်ပေါင်း ၁၄၀၀ ကျော် အထိ မည်သူ
ကထိန်းသိမ်းထားသနည်း? မည်သူက ထိန်းသိမ်းမည်ဟု တိကျသော အာမခံချက် ပေးခဲ့သနည်း? ကမ္ဘာတည်သရွေ့ မည်သူကဆက်လက်ထိန်းသိမ်းထားမည်နည်း? အဖြေကားထိုကျမ်းတော် မြတ်တွင်ပင်။ ကဏ္ဏတော် ၁၅၊ အာယဟ်တော် ၉ တွင်

    “အင်န်နာနဟ်နု နဇ္ဇလ်နဇ် ဇိက်ရ ဝအင်န်နာလဟူ လဟာဖွိဇူးန်”

    (ဧကန်စင်စစ်ငါအရှင်မြတ်သည်ပင်လျှင် (ဤ) ဆုံးမဩဝါဒ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ကို ချပေးသနားတော်မူခဲ့လေသည်။ ထိုမှတပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကိုထိန်းသိမ်းစောင့်ရှောက်တော်မူမည့်အရှင်မြတ်လည်းဖြစ်တော်မူပေသတည်း။)

ဆက်ပါဦးမည်………….။

လေးစားပါတယ်ဗျာ
The Sage

တရားလမ်းမှန် ဦးဆောင်ညွှန်ပြသည့်ကျမ်းတော်

Filed under: ကုရ်အာန် — The Sage @ 10:49 am

ယခုတစ်ခါ “တရားလမ်းမှန် ဦးဆောင်ညွှန်ပြသည့်ကျမ်းတော်” ဟူသော  ခေါင်းစဉ်ငယ်ကို ရေးသားတင်ပြ မည်ဖြစ်ပါသည်။

ကမ္ဘာ့သမိုင်းတစ်လျှောက်လုံး ပတ်သက်ဆက်နွယ် ရေးသားခြင်းအခံရဆုံးသော  ကျမ်းဂန် ကို ပြပါဟုတစ်စုံတစ်ယောက်က မေးမြန်းလာအံ့။ ကျမ်းတော်မြတ်ကုရ်အာန်
သာလျှင်ဖြစ်ပေသည်ဟု ဖြေကြားရမည်ဖြစ်ပါသည်။ “အုလူမုလ်ကုရ်အာန်” ဟုခေါ်ဆို သော ကျမ်းတော်မြတ်ဆိုင်ရာ ပညာရပ်အားလုံးတို့ပေါ်ထွက်လာခြင်းကပင်လျှင်
အထက်ပါအဖြေအတွက် လုံလောက်သောသက်သေပင်။ ၁၄ခုသော ရာစုနှစ်ပေါင်း ကျော်ကျော် မှစ၍ ယနေ့တိုင်သန်းပေါင်းများစွာသောလူသားတို့၏ ဘဝ တည်
ဆောက်မှုများကို ဦးဆောင်လမ်းညွှန်ထိန်းကျောင်းပဲ့ပြင်ပေးခဲ့သော အဆုံးမရှိသည့် အဆုံးအမ ပင်ဖြစ်သည်။

ကျမ်းတော်မြတ်တွင် သိပ္ပံ၊ သမိုင်း၊ ဥပဒေ၊ ယဉ်ကျေးမှုများ၊ စီးပွါးရေး၊ ကျင့်ဝတ် များ စသည် စသည်တို့နှင့် သက်ဆိုင်သော လမ်းညွှန်မှုအဆုံးအမများပါရှိသော်လည်း
အထက်ပါမည်သည့် တစ်ခုကိုမှ သီးသန့်အထူးပြု တစ်လမ်းသွားထားသောလမ်းညွန် ကျမ်းမဟုတ်ကြောင်းအလွန်ထင်ရှားလှပေသည်။ လောကီအကျိုးစီးပွါးသက်သက်ကို
သာညွှန်ပြသော လမ်းညွှန်ကျမ်းအလျှင်းမဟုတ်၊ ဘက်ပေါင်းစုံလောကီအကျိုးစီးပွါးကို ရယူလောကကိုအလှဆင်ပြီးတမလွန်အကျိုးစီးပွါးအတွက်အရင်းအနှီးပြုသောနည်းစနစ်
ကို လမ်းညွှန်သည့်ကျမ်းဖြစ်ပေသည်။ စကြဝဠှာခပ်သိမ်း၊ လောကခပ်သိမ်း၌ ဤကျမ်း တော်လာ ညဏ်စဉ်အဖွင့်သော့ချက်များကိုလိုက်မှီသည့်ကျမ်းဟူသည် လုံးဝမရှိပေ။
သို့ဖြစ်ပေရာကျမ်းတော်မြတ်သည် အခြားလမ်းညွှန်ကျမ်းများကဲ့သို့ လမ်းညွှန်ကျမ်း တစ်ကျမ်း မဟုတ်ဘဲ တရားလမ်းမှန်ကို ညွှန်ပြသော တစ်ဆူတည်းသောကျမ်းသာလျှင်
ဖြစ်ပေသည်။ မုစ်လင်မ်များက ဤသို့ယုံကြည်ကြပေသည်။
ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်၏ “စကားတော်” များကို ပကတိအတိုင်း မှတ်တမ်းတင်ထားသော၊အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က ယနေ့တိုင်မက၊
ကိယာမဟ်နေ့အထိ ထိန်းသိမ်းစောင့်ရှောက်ထားသော ကျမ်းတော်မြတ်ဖြစ်သည် ဟုလည်း မုစ်လင်မ်များကယုံကြည်ကြလေသည်။ သို့သော် အထောက်အထားမဲ့
အရမ်းကာရောယုံကြည်ကြသည်တော့မဟုတ်။ သက်သေအထောက်အထားခိုင်လုံ စွာဖြင့်ယုံကြည်ကြခြင်းသာဖြစ်ပေသည်။ ယင်းသက်သေအထောက်အထားများအနက်
ယနေ့တိုင် ယခုပင် ပြဆိုနိုင်သောသက်သေအထောက်အထားသည်ကား ကျမ်းတော်မြတ် ကိုယ်တိုင်ပင်ဖြစ်ပေသည်။ အဘယ်ကြောင့် ဤသို့ဆိုရသနည်း? ဆိုသော်၊ ယင်း
ကျမ်းတော်၌ပင်လျှင် အလ္လာအရှင်မြတ်ကိုယ်တော်တိုင်ထိန်းသိမ်းစောင့်ရှောက်မည်ဟူ သော ကတိတော် ပါရှိသောကြောင့်ပင်။

ကျမ်းတော်မြတ်ကုရ်အာန် ၁၅း၉ တွင်

“အင်န်နာ နဟ်နု နဇ္ဇလ်နဇ် ဇိက်ရ ဝအင်န်နာလဟူ လဟာဖွိဇူးန်”

    (ဧကန်စင်စစ်ငါအရှင်မြတ်သည် ပင်လျှင် (ဤ) ဆုံးမဩဝါဒ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ကို ချပေးသနား တော်မူခဲ့လေသည်။ ထိုမှတပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့်အရှင်မြတ်လည်းဖြစ်တော်မူပေသတည်း။)

နှစ်ပေါင်း၁၄၀၀ ကျော်တစ်လျှောက်အမျိုးမျိုးသော ထိုးနှက်ချက်များရှိခဲ့သည့်၊ ရှိနေလင့်ကစားဤကမ္ဘာလောကသို့စတင်ကျရောက်ခဲ့သည့်အချိန်မှ ယနေ့တိုင် မူမယွင်း၊ မူကွဲမရှိ ခြင်းသည်ကပင် ကောင်းကင်ကျအစစ်အမှန် ဖြစ်မှု ကို ထောက်ခံသောသက်သေခံချက်တစ်ချက်မဟုတ်လော။ ကိုယ်တော်မြတ် မုဟမ္မဒ်ရရှိခဲ့သော အကြီးကျယ်ဆုံး
သော တန်ခိုးပြာဋိဟာပင်ဖြစ်သည်မဟုတ်လော။ အစ္စလာမ်သာသနာကို ခေတ်တိုင်းခေတ်တိုင်း၌ ထောက်ခံနေသောအသက်အတိုင်းအတာမရှိသည့် “အမြဲရှင်သန်နေသောသက်သေ”
သာလျှင်ဖြစ်ပေသည်။

ဆက်ပါဦးမည်………….။

လေးစားပါတယ်ဗျာ
The Sage

ရှိုက်ခ် အိဗ်နိ နဖီးစ် (ရ.ဟ)

အစ္စလာမုအလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကဟ်

ဒီတစ်ခါလည်း ညီအစ်ကိုတော်၊ ညီအစ်မတော် များကို သာသနာရေးနဲ့သိပ္ပံ၊ ဝိဇ္ဇာ စွယ်စုံပညာရှင်ကြီး နောက်တစ်ဦးနဲ့မိတ်ဆက်ပေးပါဦးမယ်။
ဒီပညာရှင်ကြီးက တော့ ရှိုက်ခ် အိဗ်နိ နဖီးစ် ပါ။ ပညာရှင်ကြီးရဲ့ နာမည်အပြည့်အစုံကတော့အလာအုဒ်ဒီးန် အဘူလ်ဟစန် အလီအိဗ်နိ အဗီဟဇမ်
အလ်ကုရိုက်ရှ်ရှီအဒ်ဒိမတ်ရှ်ကီပါ။ ပညာရှင်ကြီးဟာအသွယ်သွယ်သောဆေးပညာရပ်များရဲ့ ပါရဂူကြီးတစ်ဦးအနေနဲ့ထင်ရှားသော်လည်းဒဿနိက
ဗေဒ၊ သမိုင်းပညာ၊ တက္ကဗေဒ၊နက္ခတ္တဗေဒ၊ ဥပဒေ ပညာရှင် စတဲ့ ဂုဏ်ပုဒ်တွေကိုလည်း ပိုင်ဆိုင်ခဲ့သူပါ။ ကုရ်အာန်ကိုအာဂုံဆောင်ခဲ့တဲ့ ဟာဖိဇ်
တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဟဒီးဆ် သိပ္ပံဆိုင်ရာ ပညာရှင်ကြီးတစ်ဦးဖြစ်ပြီး ရှာဖွီဓမ္မသတ် ပညာရှင်ကြီးလည်း ဖြစ်ပါတယ်။

ပညာရှင်ကြီးဟာ C.E ၁၂၁၃ ခု ဆီးရီးယားနိုင်ငံ ဒမတ်စ်ကတ်စ်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ ကုရိုက်ရှ် အာရပ်အနွယ်ဝင် တစ်ဦးပါ။ အဲဒါကြောင့်လည်း
ပညာရှင်ကြီးကိုအလ်ကုရိုက်ရှ်ရှီအဒ်ဒိမတ်ရှ်ကီလို့ခေါ်ဝေါ်တာဖြစ်ပါတယ်။ ဒမတ်စ်ကတ်စ်ရှိဆေးရုံနဲ့တွဲထားတဲ့ ဆေးကော်လိပ်ကနေ ဆေးပညာ
သင်ကြားခဲ့ပါတယ်။ C.E ၁၂၃၆ ခုလောက်မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ကိုင်ရိုမြို့ကအန်နစ်ရီဆေးရုံကြီးမှာကျောင်းအုပ်ကြီး
တာဝန်ကို ထမ်းဆောင်ခဲ့ရင်း ခွဲစိတ်ကုဆေးပညာရှင်ကြီးများစွာ ကိုသင်ကြားပို့ချမွေးထုတ် ပေးခဲ့ပါတယ်။

ပညာရှင်ကြီးဟာ ကိုင်ရိုမြို့ အလ်မန်ဆူရီယာ ဆေးရုံကြီးမှာလည်း သမားတော်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ အသက် ၂၉နှစ်
အရွယ်မှာ သူ့ရဲ့အကျော်ကြားဆုံး စာအုပ်ဖြစ်တဲ့ “အိဗ်နိ ဆီနာ၏ခန္ဓာဗေဒ ဆေးကျမ်း အဖွင့်ကျမ်း” ကို ပြုစုခဲ့ပါတယ်။ (ပညာရှင်ကြီး အိဗ်နိဆီနာနဲ့
လည်း ညီအစ်ကိုတော်၊ ညီအစ်မတော် များကို နောက်တော့ မိတ်ဆက်ပေးပါ့မယ်) မြောက်များစွာသော ခန္ဓာဗေဒဆိုင်ရာတွေ့ရှိချက် အသစ်တွေကို
အဲဒီစာအုပ်မှာ ဖော်ပြခဲ့ပါတယ်။ သူဟာ “အရှ်ရှာမိလ်ဖွိလ်သွိဗ်” “The Comprehensive Book on Medicine” ဆိုတဲ့ ဆေးပညာစွယ်စုံကျမ်းကြီးကို
ပြုစုခဲ့ပါတယ်။ အဲဒီ ဆေးပညာစွယ်စုံကျမ်း ကို အတွဲ (၈၀) အထိဘဲ ပြုစုနိုင်ခဲ့ရှာပါတယ်။ အဆုံးမသတ်ခင်ဘဲသူဟာကွယ်လွန်သွားရှာခဲ့လို့ပါ။ အဲဒီ
အဆုံးမသတ်ခဲ့တဲ့ အတွဲ (၈၀) ဆေးပညာစွယ်စုံကျမ်းကြီးဟာ သူ့ခေတ်မှာ အကြီးဆုံးဆေးပညာစွယ်စုံကျမ်းကြီးဖြစ်ခဲ့ရုံမက ယနေ့ခေတ်တိုင်အဲဒီ
ကျမ်းကြီးလောက် များပြားတဲ့ဆေးပညာအကြောင်းအရာတွေပါတဲ့ကျမ်းမျိုးယနေ့အထိမပေါ်ဖူးသေးပါဘူး။

သူ့ရဲ့အလွန်ထင်ရှားတဲ့ ဆေးသိပ္ပံသုတေသနတွေ့ရှိချက် ကြီးကတော့ နှလုံး၊အဆုတ်သွေးလည်ပတ်မှုစနစ်ကို မှန်ကန်တိကျစွာဖော်ထုတ်ခဲ့ခြင်းပါဘဲ။
သူဟာသူ့အရင်ရှိခဲ့တဲ့ ဂရိပညာရှင်ကြီး “ဂလန်” (ဂေလန်) ရဲ့ သွေးလည်ပတ်မှုစနစ် အယူအဆဟာမှားကြောင်းသက်သေပြခဲ့ပြီး မှန်ကန်တဲ့အယူအဆ
ကို ဆေးလောကအား သင်ပေးခဲ့ပါတယ်။ သူ့ရဲ့သင်ကြားချက်တွေဟာ ကျမ်းတွေအဖြစ်တည်ရှိခဲ့ပေမယ့် တစ်ခါမှာကျမ်းတစ်ချို့ဟာ ပျောက်ပျက်သွား
ခဲ့ပါတယ် (ခရူးဆိတ်နဲ့မွန်ဂိုတွေရဲ့တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတယ်လို့ယူဆပါတယ်၊ ဒါကျွန်တော့်ယူဆချက်သက်သက်ပါ၊ မှန်မမှန်ကျွန်တော်အာမ
မခံနိုင်ပါဘူး။ ဆက်လက် လေ့လာကြစေလိုပါတယ်။) သို့ပေမယ့်လည်း သွေးလည်ပတ်မှု ဆိုင်ရာတွေ့ရှိချက်ပါဝင်တဲ့ သူပြုစုခဲ့တဲ့ ကျမ်းကတော့အီတလီ
နိုင်ငံဗင်းနစ်မြို့မှာ အာရဗီဘာသာစာပေနဲ့ရှိနေခဲ့ပြီး လက်တင်ဘာသာကို လည်းပြန်ဆိုခဲ့တယ်လို့ ပညာရှင်တွေကယူဆကြပါတယ်။ ရှိုက်ခ် အိဗ်နိနဖီးစ်
က သွေးလည်ပတ်မှုဆိုင်ရာစနစ်ကိုတွေ့ရှိကျမ်းပြုပြီးနောင်နှစ်ပေါင်း၃၀၀ ကျော်လောက် ကြာတော့ အင်္ဂလိပ်လူမျိုးဆေးသိပ္ပံပညာရှင်ကြီး (C.E ၁၅၇၈-
၁၆၅၇) ဝီလီယမ်ဟာဝေး က နှလုံးသွေး လည်ပတ်မှုစနစ်ကို အသေးစိတ်သုတေသနပြုပြီး ကမ္ဘာကိုပြန်လည်တင်ပြု အကျိုးပြုခဲ့ပါတယ်။ သူတင်ပြခဲ့တာ
ဟာ ပိုမိုအသေးစိတ်ပေမယ့် သွေးလည်ပတ်မှုစနစ်ဆိုင်ရာ ဇီဝကမ္မဗေဒရဲ့ဖခင်ကြီး ဆိုတဲ့ဂုဏ်ပုဒ်ကိုတော့ ရှိုက်ခ် အိဗ်နိနဖီးစ် က ရခဲ့ပါတယ်။ ကမ္ဘာ့သမိုင်း
မှာ သွေးလည်ပတ်မှုစနစ် ကို ပထမဦးဆုံးမှန်ကန်စွာတင်ပြခဲ့တဲ့အတွက်ပါ။

အင်န်ဆိုင်ကလပေးဒီးယားဘရိတာနိကာ အလိုအရ ရှိုက်ခ်ရဲ့ဒီတွေ့ရှိချက်ကို ၂၀ ရာစုကျမှ ကမ္ဘာက အာရုံစိုက်မိခဲ့တယ်လို့ဆိုပါတယ်။)သူ့ရဲ့လူသား
အကျိုးပြု၊ ကမ္ဘာ့ဆေးလောက ကိုပြုခဲ့တဲ့ အခြားစွမ်းဆောင်ချက် တွေလည်းရှိပါသေးတယ်။ သူဟာ အော်တော့ပ်စီ (ခေါ်) လူသေအလောင်းအားခွဲစိတ်
ဖြတ်တောက် သုတေသနပြုခြင်း၊ ခွဲစိတ်ကုဆေးပညာ၊ မျက်စိခွဲစိတ်ကုပညာ၊ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ စတဲ့ဆေး သိပ္ပံဘာသာရပ်တွေနဲ့ပတ်သတ်ပြီးလည်း
မြောက်များစွာသော တွေ့ရှိချက်တွေ ကိုမှတ်တမ်းတင်ခဲ့ပြီး နောင်လာနောက်သားပညာရှင်တွေကိုလမ်းဖောက်ပေးခဲ့သူပါ။ ကမ္ဘာ့သမိုင်းမှာ ရှိုက်ခ်အိဗ်နိ
နဖီးစ် လိုမုစ်လင်မ်စွယ်စုံပညာရှင်ကြီးတွေ အများကြီးပေါ်ထွန်းခဲ့ကြောင်းနောက်လာမယ့်ပို့စ်တွေမှာဖတ်ရှုရပါလိမ့်မယ်။ ပညာရှင်ကြီးဟာ C.E ၁၂၈၈ ခုနှစ်
အီဂျစ်နိုင်ငံကိုင်ရိုမြို့မှာဘဲ အလ္လာ့ဟ်အမိန့်တော်ခံယူခဲ့ပါတယ်။ (အင်းန်နလိလ္လလာဟိဝအင်းန်နအိလိုင်ဟိရာဂျိအူးန်။) သူကွယ်လွန်ပြီးနောက်သူဆေးကျမ်း
တွေပြုစုခဲ့လို့ ဂုဏ်ပြုဆုရရှိခဲ့တဲ့ဓနဥစ္စာတွေနဲ့ တည်ဆောက်ထားတဲ့သူ့ရဲ့အိမ်၊ စာကြည့်တိုက်နဲ့ဆေးခန်းတို့ကိုအလ်မန်ဆူရီယာဆေးရုံကြီးသို့ လှုဒါန်းခဲ့
ပါတယ်။ (ရဟ်မသုလ္လာဟ် အလိုင်ဟ်) ကျွန်တော်ခုရေးပြခဲ့တဲ့ ပညာရှင်ကြီးရဲ့အရည်အချင်း၊ စွမ်းဆောင်ချက် စတာတွေဟာပညာရှင်ကြီး အကြောင်းတွေထဲ
က တစ်ကယ့်ကိုနည်းနည်းလေးပါ။

စာဖတ်သူတွေအနေနဲ့ မိမိဘာသာဆက်လက်လေ့လာကြပါလို့ တိုက်တွန်းနှိုးဆော်၍အလ္လာဟ်အရှင်မြတ် ဤပညာရှင်ကြီး(ရဟ်မသုလ္လာဟ် အလိုင်ဟ်)ကဲ့
သို့ စွယ်စုံပညာရှင်ကြီးနောက်ထပ်အများကြီး မုစ်လင်မ်များထဲမှ ပေါ်ထွက်လာနိုင်စေရန် ပြုပေးသနားတော်မူပါဟု တောင်းဆုဒုအာပြုရင်း ရှိုက်ခ်အိဗ်နိနဖီးစ်
အား ညီအစ်ကိုတော်၊ ညီအစ်မတော်များနဲ့မိတ်ဆက်ပေးခြင်းကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျား။

The Sage

အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက်(ရဟ်မသုလ္လာဟ် အလိုင်ဟ်)

ဒီတော့ပစ် မှာ ညီအစ်ကိုတော်၊ ညီအစ်မတော် များကို အောက်မေ့ဖွယ်ရာ မုစ်လင်မ် သိပ္ပံ ဝိဇ္ဇာ ပညာရှင်ကြီး အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက်
(ရဟ်မသုလ္လာဟ် အလိုင်ဟ်) နဲ့ ဦးဆုံး မိတ်ဆက် ပေးချင်ပါတယ်။ အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက် ဟာ C.E ၆၉၉ / ၇၀၀ (သို့) ၇၀၂ / ၇၀၃
ခုမှာ အာရေဗျကျွန်းဆွယ်မဒီနဟ်မြို့မှာဖွားမြင်တော်မူ ခဲ့ပါတယ်။အီမာမ်ကြီးဟာကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)
ရဲ့ “တွတ်” တော်ပါ။ အထက်အဆက်အနွယ်တော် အစဉ်အဆက်ကိုဖော်ပြရရင် အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက် ဘင်န် အီမာမ် မုဟမ္မဒ် အလ်
ဘာကိရ် ဘင်န် အီမာမ် အလီ (အီမာမ် ဇိုင်နုလ် အာဗေဒီးန်)ဘင်န် အီမာမ်ဟုစိုင်းန် (မြေးတော်) ဘင်န် အလီအိဗ်နိ အဗီသွာလိဗ် (စတုတ္ထ
ခလီဖွာကြီး) + သမီးတော် ဖာသွိမဟ် ဘင်န်သိ မုဟမ္မဒ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ပါ အီမာမ်ကြီးကို စွန်နီ မုစ်လင်မ်တွေရော
ရှိအဟ် မုစ်လင်မ်တွေကပါအစ္စလာမ်သာသနာရေးရာပညာရပ်များ ၊ ဝိဇ္ဇာနဲ့သိပ္ပံ ပညာတို့ရဲ့ပညာရှင်ကြီးတစ်ဦးအဖြစ်ယနေ့တိုင်ရိုသေလေး
စားကြပါတယ်။ ရှိအဟ်မုစ်လင်မ် တွေကအီမာမ်ကြီးကိုကိုယ်တော်မြတ်(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)ရဲ့အရိုက်အရာကိုဆက်ခံတဲ့
ခြောက်ပါးမြောက် အီမာမ် အဖြစ်ယုံကြည်လက်ခံကြပါတယ်။ရှိအဟ် မုစ်လင်မ် တို့ရဲ့ ဂျာဖရီ ဖိကဟ် ဟာအီမာမ်ကြီး ကို ရည်ညွှန်းတာပါ။
ဒါ့အပြင် ဆူဖီသွရီကဟ်လမ်းစဉ်အတော်များများဟာ သူတို့ရဲ့ ဆရာအစဉ်အဆက်ကို အီမာမ်ကြီးထံဆက်နွယ်ဖော်ပြကြပါသေးတယ်။ အဲဒီလို
ဆက်နွယ်ဖော်ပြကြတဲ့ သွရီကဟ် လမ်းစဉ်တွေထဲမှာနက်ခ်ရှ်ဘန်ဒီယာ လမ်းစဉ် ဟာ ထင်ရှားပါတယ်။

အီမာမ် ကြီးဟာ ကုရ်အာန်၊ ဟဒီးဆ်၊ စုန္နဟ်၊ ဖွေကဟ် ပညာရပ်တို့ကို ပါရဂူမြောက် ကျွမ်းကျင် ရုံသာမက၊သူ့ခေတ်သမယကနက္ခတ္တဗေဒ၊
ဒဿနိကဗေဒ၊ တက္ကဗေဒ၊ ဓာတုဗေဒ (ရှေးဟောင်း)၊ ဆေးပညာ၊ ဆေးဝါးဗေဒ စတဲ့ ဝိဇ္ဇာ၊ သိပ္ပံပညာတို့ရဲ့ အဓိပတိကြီးတစ်ပါး လည်းဖြစ်ပါ
တယ်။အီမာမ်ကြီးထံမှာပညာဆည်းပူးခဲ့တဲ့မြောက်မြားစွာသောတပည့်တွေထဲမှာအီမာမ်အဗူဟနီဖဟ် (ဖွေကဟ်ပညာရှင်ကြီး) (ရဟ်မသုလ္လာဟ်
အလိုင်ဟ်) ၊အီမာမ် မာလိက် ဘင်န် အနတ်စ် (ဖွေကဟ်ပညာရှင်ကြီး နှင့် မုအသ်သွာဟဒီးစ် ကျမ်းရှင်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်)၊ အီမာမ်
မူစာအလ်ကာဇွင်မ်(အီမာမ်ကြီး၏သားတော်နှင့် အစ်သ်နအရှရီရှိ အဟ်မုစ်လင်မ် တို့၏ ခုနှစ်ပါးမြောက် အီမာမ်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) ၊
အီမာမ် အိစ်မာအိလ် (အီမာမ်ကြီး၏သားတော်နှင့် အိစ်မာအိလီ ရှိအဟ်မုစ်လင်မ် တို့၏ ခုနှစ်ပါးမြောက် အီမာမ်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) ၊
အီမာမ် ဝစိလ် ဘင်န် အသွာ(မုသဇိလဟ် အတွေးအခေါ်ရှင်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) နှင့် ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် (ဥရောပ သိပ္ပံ
ပညာသမိုင်းတွင် လက်တင် အမည်GEBER ဖြင့် ကျော်ကြားသော သိပ္ပံပညာရှင်ကြီး) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) တို့ဟာ အလွန်ထင်ရှားကြ
ပါတယ်။ အီမာမ်ကြီးဟာ သာသနာရေး၊သိပ္ပံ ဝိဇ္ဇာဆိုင်ရာ ကျမ်းပေါင်းများစွာကို ကိုယ်တိုင်ပြုစုခဲ့သလို သူ့တပည့်တွေ ကိုလည်း ကျမ်းပြုပါရဂူ
မြောက်တဲ့အထိ သင်ကြားပျိုးထောင်ခဲ့သူ ဖြစ်ပါတယ်။

အီမာမ် ကြီးဟာ အဗ္ဗဆီယာမင်း အလ်မန်စူးရ် လက်ထက် C.E ၇၆၅ ဒီဇင်ဘာလ မှာ အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူခဲ့ပြီး၊ မဒီနဟ်မြို့ရှိ
ဂျန်နသုလ်ဗကီးဟ် မှာ မြှုပ်နှံခြင်းခံခဲ့ရပါတယ်။

August 7, 2009

ရှိုက်ခ်အိဗ်နိစီနာ (AVICENNA) (ရ.ဟ)

အစ္စလာမုအလိုင်ကုမ်ဝရဟ်မသုလ်လာဟိဝဗရကဟ်

အစ္စလာမ့်သမိုင်း ကိုသာမက ကမ္ဘာ့သမိုင်းကိုပါ တစ်ခေတ်ဆန်းသစ်စေခဲ့ပြီး ကြီးမားလှတဲ့ ကျေးဇူးတွေပြုခဲ့တဲ့ အောက်မေ့ဖွယ်ရာ မုစ်လင်မ် သိပ္ပံ ဝိဇ္ဇာ
စွယ်စုံပညာရှင် ကြီးတွေ နဲ့ ညီအစ်ကိုတော်၊ ညီအစ်မတော်များကို မိတ်ဆက် ပေးခွင့်ရတာဟာ ကျွန်တော့်အတွက် အလွန်ကြီးကျယ်တဲ့အခွင့်အရေးတစ်
ခုပါ။

ဒီတစ်ကြိမ်မှာတော့ ဆေးပညာရှင် ကြီးအနေနဲ့ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ စွယ်စုံပညာရှင်ကြီးရှိုက်ခ်အိဗ်နိစီနာ (ရဟ်မသုလ္လာဟ် အလိုင်ဟ်) နဲ့မိတ်
ဆက်ပေးပါရစေခင်ဗျား။ ဥရောပ မှာ လက်တင်အမည်”(Avicenna) အာဗာစဲနာ” နဲ့ကျော်ကြားထင်ရှားခဲ့သူပါ။ ပညာရှင်ကြီးဟာ သူ့ခေတ်သူ့အခါက
အကြီးကျယ်ဆုံးသော ဆေးပညာရှင် နဲ့ ဒဿနိကဗေဒပညာရှင် ဖြစ်ခဲ့ရုံမက နက္ခတ္တဗေဒ၊ ဓာတုဗေဒ၊ဘူမိဗေဒ၊ ယုတ္ထိဗေဒ၊ သင်္ချာပညာ၊ ရူပဗေဒ၊ စိတ်
ပညာ၊ ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာသည့်ပညာ၊ကဗျာအတတ် စသည်တို့ကို တစ်ဖက်ကမ်းလွန်အောင် တတ်မြောက်ခဲ့တဲ့ ပညာရှင်ကြီးတစ်ပါးပါ။
ပညာရှင်ကြီးရဲ့အမည်အပြည့် အစုံက အဗူအလီ အလ်ဟုစိုင်န် အိဗ်နိ အဗ်ဒုလ္လာဟ် အိဗ်နိစီနာ ပါ။ ပညာရှင်ကြီးရဲ့ ဖခင်ကြီး နေထိုင် အမှုထမ်းခဲ့ရာ ဘလခ်
လို့တွင်ခဲ့တဲ့ ပါရှန်းမြို့တစ်မြို့ကို အစွဲပြုပြီးအိဗ်နိစီနာဘလ်ခီ လို့လဲ လူသိများခဲ့ပါတယ်။ ပညာရှင်ကြီး ဟာ ပါရှန်း (အီရန်) လူမျိုးပါ။ C.E ၉၈၀ ခန့်မှာ
ပါရှန်းအင်ပါယာအတွင်းရှိ ဘုခါရာ မြို့မှာဖွားမြင်ခဲ့ပါတယ်။ အသက် ၁၀ နှစ်အရွယ်မှာ ကုရ်အာန်ကျမ်းကိုနှလုံးသားထဲ သိမ်းဆည်းထိန်းသိမ်းစောင့်ရှောက်
တဲ့အလွန်မြင့်မြတ်သော သာသနာ့ကျေးကျွန် “ဟာဖိဇ်”ဆိုတဲ့ဘွဲ့ဂုဏ်ထူးကိုပိုင်ဆိုင်ခဲ့ပါတယ်။ ပညာရှင်ကြီးရဲ့သာသနာ့လမ်းသွယ်ကတော့”အိစ်မာအီလီ”
ရှိအဟ် ပါ။

ငယ်ရွယ်စဉ်မှာ ဘဲ အိန္ဒိယသင်္ချာပညာကို သင်ယူတတ်မြောက်ခဲ့ပါတယ်။ ငယ်ရွယ်သူတွေကိုစာပေသင်ကြား၊နာမကျန်းသူတွေကိုနယ်လှည့်ဆေးကုသပေး
နေတဲ့ ပညာရှင် တစ်ပါးထံမှာ ဆေးပညာ အချို့ကိုသင်ကြား ခဲ့ပါတယ်။အစ္စလာမ့် ဥပဒေ သိပ္ပံပညာ (ဖွေကဟ်) ကို ဟနဖွီ ပညာရှင်ကြီးတစ်ပါးဖြစ်တဲ့ ရှိုင်ခ်
အိစ်မာအီလ်အလ်ဇာဟိဒ် ထံမှာဆည်းပူးခဲ့ပါတယ်။ ပညာရှင်ကြီးဟာ ဂရိပညာရှင်ကြီး အရစ္စတိုတလ် ရဲ့ တက္ကကဗေဒ သဘောတရားတွေကို မုစ်လင်မ်စွယ်
စုံပညာရှင်ကြီး အလ်ဖရာဗီ ရေးသားခဲ့တဲ့ အဖွင့်ကျမ်းကတစ်ဆင့် လေ့လာခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာဘဲ ဒဿနိကဗေဒပညာကို စတင်ဆည်းပူး
ခဲ့ပါတယ်။ ဒဿနိကဗေဒ ကိုစတင်လေ့လာစဉ်ကအတွေးအခေါ်ဆိုင်ရာ အခက်အခဲ ရှုပ်ထွေးမှုတွေနဲ့ ကြုံရပြီး ဆက်လက်အဖြေမထုတ်နိုင်တိုင်း သူလေ့လာ
နေတဲ့စာအုပ်တွေကို အသာအယာထား၊ ဝုဇူပြုပြီး စဂ်ျဒါ ပြုရာဌာနကို သွား ဆွလားသ်ဝတ်ပြုရင်းအလ္လာဟ်အရှင်မြတ်ထံတော်ပါးကနေညဏ်အလင်းတောင်း
ခံလေ့ရှိခဲ့ပါတယ်။ သူအလိုရှိတဲ့ ညဏ်အလင်းရတော့မှသာလျှင် တောင်းခံမှုကို အဆုံးသတ်ပြီး ပြန်လာလေ့ရှိပါတယ်။ ဘာသာတရားအလွန် ကိုင်းရှိုင်းခဲ့တဲ့
ပညာရှင်ကြီးပါ။

အသက် ၁၆ နှစ်အရွယ်မှာ ဆေးပညာ ကို စနစ်တကျစတင်သင်ယူခဲ့ပါတယ်။ ဆေးပညာဆိုင်ရာ သီအရီတွေသာမက၊သူ့ရဲ့အားကြိုးမာန်တက်မဆုတ်မနစ်
ကြိုးစားမှုရဲ့ ရလဒ်အဖြစ် ဆေးပညာဆိုင်ရာ ကုထုံးအသစ်တွေကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်မှာ အလွန်ကျွမ်းကျင်တဲ့သမားတော်
အဖြစ်ကိုရရှိခဲ့ပြီး သူ့ရဲ့ဆေးပညာအရှိန်အဝါကြောင့် စတင်နာမည်ကျော်ကြားလာခဲ့ပါတယ်။ သူဟာ လူနာအတော်များများကို ဆေးကုသခ လုံးဝ မယူဘဲ
ပျောက်ကင်းအောင်ကုသပေးခဲ့ပါတယ်။

ဥရောပ က သူ့ကို ခေတ်သစ်ဆေးပညာ၏ဖခင် တစ်ဦး အနေနဲ့ ယနေ့တိုင်အမှတ်ရဆဲပါ။ သူ့ရဲ့ အထင်ရှားဆုံးကျမ်းကြီးတွေက ဒဿနိကဗေဒနဲ့ဆေး
ပညာရပ်ကို ပိုင်နိုင်စွာလွှမ်းခြုံထားပြီး အကြောင်းအရာ မြောက်မြားစွာပါတဲ့”ကိသာဗုရှ်ရှိဖွာ” ခေါ် ကုထုံးကျမ်း၊ “အလ်ကာနူန်ဖွိသ်သွိဗ်” ခေါ် ဆေးပညာဆိုင်
ရာကျမ်းစု တို့ပါဘဲ။ အဲဒီ “ဆေးပညာဆိုင်ရာကျမ်းစု” ဟာ ကမ္ဘာ့ ဆေးပညာသမိုင်းမှာ အကျော်ကြားဆုံးသောကျမ်းတွေထဲက ကျမ်းတစ်ဆူပါ။ အလယ်ခေတ်
ဥရောပတက္ကသိုလ်အချို့မှာC.E ၁၆၅၀ အထိပြဌာန်းစာအုပ်အဖြစ် အသုံးပြုခဲ့ပါတယ်။

ပညာရှင်ကြီးဟာ ဒဿနိက ဗေဒနဲ့ဆေးပညာကျမ်းများအပြင် ရူပဗေဒ၊ ဓာတုဗေဒ၊ စိတ်ပညာ၊ ဘူမိဗေဒ၊နက္ခတ္တဗေဒ၊ ယုတ္ထိဗေဒ အပါအဝင် ကုရ်အာန်
ကျမ်းတော်မြတ်ရဲ့ဋီကာ အချို့ကိုလည်းပြုစုခဲ့ပါတယ်။ဒါတင်မကသေးပါ။ အင်ဂျင်နီယာပညာရပ်နဲ့သက်ဆိုင်တဲ့ စက်မှုဆိုင်ရာ ကိရိယာတွေနဲ့ပတ်သတ်ပြီး
လည်းရေးသားအလင်းပြခဲ့တာတွေရှိပါတယ်။ ကဗျာအတော်များများလည်း ဖွဲ့ဆိုခဲ့သူပါ။ ပါရှန်းကဗျာဆရာကြီးဆိုတဲ့ ဝိသေသ အောက်မှာလည်း သူဟာ
ထွန်းတောက်ခဲ့သူပါ။ အီရာန် နိုင်ငံရဲ့အမျိုးသားသူရဲကောင်းအဖြစ်ယနေ့တိုင် သူ့ကိုအမှတ်ရစဲပါ။ သူ့ရဲ့ပုံတူပန်းချီတွေ၊ ရုပ်တုတွေဟာအီရာန်နိုင်ငံတစ်လွှား
အနှံ့ပါဘဲ။ လကမ္ဘာပေါ်ရှိတွင်းကြီးတစ်တွင်း (crater) ကို သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ “အာဗာစဲနာ ခရတာ”လို့ အမည်ပေးထားပါတယ်။ အီရာန်နိုင်ငံဟမဒါန်
မြို့ရှိ “ဗူအလီစီနာတက္ကသိုလ်”၊ တာဂျစ်စတန်နိုင်ငံရဲ့ မြို့တော်ဒုရှန်ဘာ က “အိဗ်နိစီနာ တာဂျစ်နိုင်ငံ ဆေးပညာတက္ကသိုလ်”၊ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ
“အိဗ်နိစီနာကျောင်း”၊ အာဖဂနစ္စတန် ဘလ်ခ် ခရိုင်ရှိ “အိဗ်နိစီနာဘလ်ခ် ဆေးပညာကျောင်း” ၊ ဖိလစ်ပင်းနိုင်ငံမရဝီမြို့ရှိ “အိဗ်နိစီနာကျောင်း” တို့ဟာသူ့
အမည်ကို ဂုဏ်ပြု အစွဲပြု အမည်ပေးထားတဲ့ တက္ကသိုလ်၊ကျောင်းတွေပါ။ ပညာရှင်ကြီးရဲ့ မွေးဖွားရာအရပ် “ဘုခါရာ” ကို အုပ်စိုးခဲ့တဲ့ ဆိုဗီယက်ယူနီယံ က
၁၀၀၀ ခုနှစ်မြောက် အာဗာစဲနာ မွေးနေ့ကို ၁၉၈၀ ခုနှစ်မှာကျင်းပခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပါရတ်စ် (ပဲရစ်) ယူနီဗာစိတီ ရဲ့ အာဗာစဲနာ ဆေးပညာမဟာဌာန
ခန်းမဆောင် မှာ လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပညာရှင်ကြီးရဲ့ပုံတူ ပန်းချီကား ချိတ်ဆွဲထားပါသေးတယ်။

ပညာရှင်ကြီးဟာ C.E ၁၀၃၇ ခုနှစ်၊ ပါရှားပြည် (ယခုအီရန်နိုင်ငံ) ဟမဒါန်မြို့မှာ အလ္လာဟ့်အမိန့်ခံယူတော်မူခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်ပါ။
ယာ……အလ္လာဟ်အရှင်မြတ် ဒီပညာရှင်ကြီး (ရဟ်မသုလ္လာဟ်အလိုင်ဟ်)ကို ဂျန္နဟ်သုလ်ဖိရ်ဒေါစ် မှာအလွန်မြင့်မားတဲ့ အဆင့်အတန်းပေးသနားတော်မူပါ။
အာမီးန်…………….။

စွယ်စုံပညာရှင်ကြီးတွေရဲ့ ဘဝနဲ့ပညာ အကြောင်းကို သူတို့ရဲ့ ခြေဖဝါးမှာ အမှတ်တမဲ့ကပ်တဲ့ မြေမှုန့်တစ်မှုန့်လောက်တောင် အရေးမပါလှတဲ့ကျွန်တော့်လို
လူမျိုးက အပြည့်အဝ ချီးမွမ်း ရေးသားတင်ဆက်နိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ။ သို့အတွက်ကြောင့် ဒီလောက်ဘဲ ရေးသားပြီး ဒီပညာရှင်ကြီးနဲ့မိတ်ဆက်
ပေးခြင်းကိုရပ်နားလိုက်ပါ့မယ်။ စာရှု အသိယူသူ တွေအနေနဲ့ ဒီပညာရှင်ကြီး တွေရဲ့ အကြောင်းကို ကိုယ်တိုင်ကိုယ်ကျလေ့လာကြပြီး မိမိ ရရှိသမျှ အသိတွေကို
ကျွန်တော်အပါအဝင်အများအကျိုးအတွက်ဝေမျှကြပါလို့ အနူးအညွတ်တောင်းဆိုပါတယ်။

လေးစားပါတယ်ဗျာ
The Sage

August 5, 2009

ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် (GEBER) (ရ.ဟ)

အစ္စလာမုအလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကဟ်

တော့ပစ် ရဲ့ ဒုတိယ မုစ်လင်မ် ပညာရှင်ကြီးအနေနဲ့ အထက်က ပို့စ် မှာ ပါဝင်တဲ့ အီမာမ် ဂျာဖရ်ဆွာဒိက် (ရဟ်မသုလ္လာဟ် အလိုင်ဟ်)ရဲ့ တပည့်
ပညာရှင်ကြီး ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် (GEBER) နဲ့ မိတ်ဆက်ပေးပါ့မယ်။ ပညာရှင်ကြီး ရှိုက်ခ် ရဲ့ အမည်အပြည့်အစုံကတော့ အဘူမူစာ
ဂျာဘိရ်ဘင်န် ဟိုင်ယာန် အသ်သရ်သူစီ (အလ်ကူဖီလို့လည်းခေါ်ပါတယ်) ပါ။ ရှိုက်ခ် ဟာ C.E ၇၂၁ မှာ ပါရှားပြည်ခိုရာဆန် သူစ် နယ်မှာ ဖွားမြင်
ခဲ့ပါတယ်။ အီမာမ် ဂျာဖရ်ဆွာဒိက် ထံမှာ ပညာမဆည်းပူးမီ အလျှင် ဟရ်ဘီအလ်ဟိမ်ရာရီ ထံမှာ ကုရ်အာန်နဲ့ သင်္ချာ ပညာ အပါအဝင် အခြားပညာ
ရပ်တွေကို ဆည်းပူးခဲ့ပါသေးတယ်။ သူ့ရဲ့ ဖခင် က ဆေးဝါးဗေဒ ပညာရှင် ဖြစ်တဲ့အလျောက်သူဟာဖခင်ရဲ့ပရော်ဖရှင်န် ကိုအကြောင်းပြုပြီးဆေးဝါး
နဲ့ ဓာတုဗေဒ ပညာရပ်တွေကို စိတ်ဝင်တစ်စား ရှိခဲ့ပါတယ်။ သူဟာ သူ့ခေတ်ဓာတုဗေဒ သိပ္ပံ ပညာရပ် မှာ ပြိုင်စံရှား သူတစ်ဦးဖြစ်ခဲ့ ပြီးဓာတုဗေဒ
ဆိုင်ရာ သိပ္ပံတွေ့ရှိချက် အသစ်တွေကိုလည်းကောင်း၊ဓာတ်ခွဲခန်းသုံးကိရိယာအတော်များများကိုလည်းကောင်းတီထွင်ခဲ့တဲ့ အပြင် သိပ္ပံပညာဆိုင်ရာ
ကျမ်းပေါင်းများစွာကို ပြုစုခဲ့လို့ သူ့ကိုဂုဏ်ပြုပြီး ဓာတုဗေဒ၏ဖခင်ကြီး (Father of Chemistry) လို့တောင် ဂုဏ်ထူးတတ်ခေါ်ဝေါ်ခြင်းကိုခံရသူပါ။
ဥရောပ မှာ သူ့ကို (GEBER) ဂဲဗရ် လို့လက်တင်ဘာသာ အမည်တတ်ပြီး အသိများခဲ့ပါတယ်။

သူဟာဓာတုဗေဒပညာရပ် နယ်ပယ်မှာ ပြိုင်စံရှားရုံမက၊ နက္ခတ္တဗေဒ၊ ရူပဗေဒ၊ ဘူမိဗေဒ ဒဿနိကဗေဒ၊ သင်္ချာပညာ၊ ဆေးပညာ၊ ဆေးဝါးဗေဒတို့
မှာလည်း ကျွမ်းကျင်နိုင်နင်းသူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ နည်းစနစ် ကျနစွာ စမ်းသပ်မှုပြုခြင်း ကို အလေးပေး ခဲ့သလို ဓာတ်ခွဲခန်းသုံးကိရိယာအမျိုး
အမည် အတော်များများကို တီထွင်ဖန်တီး ခဲ့သူ ဖြစ်ပါတယ် (ဥပမာ- retort)။ ယနေ့ခေတ်အထိသုံးဆဲဖြစ်တဲ့ဓာတုဗေဒ ပစ္စည်း အချို့ (ဥပမာ-ဟိုင်ဒရို
ကလိုရစ်အက်စစ်၊ နိုက်ထရစ်အက်စစ်) နဲ့ ဓာတုဗေဒနည်းပညာ တစ်ချို့(Distillation, Crystallization) တွေ ကိုပါတီထွင်ခဲ့သူပါ။ ဒါ့အပြင်ဆာလ်ဖျုရစ်
အက်စစ် ကိုလည်း သူရှာဖွေတွေ့ရှိခဲ့တာပါ။ ဒါတင်မကသေးပါဘူး သံပုရာသီးလိုချဉ်တဲ့အသီးတွေမှာပါတဲ့ စစ်ထရစ်အက်စစ်၊ ရှာလကာရည်မျိုးတွေမှာ
ပါတဲ့ အစဲတစ်အက်စစ်၊ တာတာရစ်အက်စစ်စတဲ့ ဓာတုဗေဒ ဒြပ်ပေါင်းတွေကိုလည်း ယနေ့ ကမ္ဘာအထိ မိတ်ဆက်ကျေးဇူးပြုပေးခဲ့တာပါ။ အဲဒီ ကျေးဇူး
တွေနဲ့တင် သူ့ကို ဓာတုဗေဒဖခင်ကြီးလို့ခေါ်ထိုက်နေပါပြီ။

သို့ပေမယ့်လည်း သူ့ရဲ့ ကျေးဇူးပြုမှုတွေဟာ ဒီလောက်နဲ့ရပ်မသွားသေးပါဘူး။ ဓာတုဗေဒဒြပ်စင်တွေဖြစ်တဲ့ အာစဲနစ်၊ အန်တီမိုနီ၊ဘစ်စမသ် တွေကို
လည်း ရှာဖွေတွေ့ရှိခဲ့သူပါ။ မပြီးသေးပါဘူး။ ကန့်နဲ့ ပြဒါးတို့ဟာလည်း ဒြပ်စင်တွေ ဖြစ်ကြောင်း ပထမဦးဆုံးသက်သေပြခဲ့သူပါ။ အားလုံးကို သူရှာ
ဖွေတွေ့ရှိ တီထွင်ခဲ့သမျှတွေ ကို သာ လိုက်လံသုတေသန ပြု ရင် ကျမ်းတစ်စောင် မကဖွဲ့နိုင်ပါတယ်။ (ကြားဖြတ်စကား- ဓာတုဗေဒကိုအထူးပြုမာစတာ၊
ဒေါက်ထရိတ် ကျမ်းပြုချင်သူ မုစ်လင်မ် ကျောင်းသားတွေများရှိလို့ ကျမ်းခေါင်းစဉ် ရှာရခက်နေရင်ဒီသိပ္ပံ ပညာရှင်ကြီး ရဲ့ တွေ့ရှိချက်တွေအားလုံးကိုကိုယ်
တိုင်စမ်းသပ်သုတေသန ပြု ပြီး သီအိုရီ တစ်ခု ကြိုးစားထုတ်နိုင်ရင်တောင် ကျမ်းကောင်းတစ်ကျမ်း ပြုနိုင်သူ ဖြစ်သွားနိုင်ပါတယ်။ မုစ်လင်မ်ဓာတုမောင်၊
မယ် တွေကြိုးစားသင့်ပါတယ်။)

ပညာရှင်ကြီးဂျာဘိရ်ဘင်န်ဟိုင်ယာန်ဟာဘာသာတရားကိုအလွန်ကိုင်းရှိုင်းသူတစ်ဦးဖြစ်ပြီးဆူဖီလမ်းစဉ်ကိုလည်းလျှောက်လှမ်းသူတစ်ဦးဖြစ်ပါတယ်။
ရိုးသားလှတဲ့ပညာရှင်ကြီး ဟာ သူဟာ ဂရိ အီဂျစ် နဲ့ ပါရှား လူမျိုး ပညာရှင်ကြီးတွေ ရဲ့ အရေးအသားတွေ ကနေ လည်း အချို့အသိပညာတွေရရှိခဲ့ကြောင်း
ဝန်ခံပါသေးတယ်။ ပိုင်သဂိုရတ်စ်၊ ဆိုခရေးတီးစ် စတဲ့ ဂရိပညာရှင်ကြီးတွေ ထံက အသိတစ်ချို့ ရရှိခဲ့ကြောင်း သူကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ သူဟာ C.E ၈၁၅
မှာ ကူဖွာ မြို့ (ယခု အီရတ်နိုင်ငံ) မှာ အလ္လာ့ဟ် အမိန့်ခံယူတော် မူခဲ့ပါတယ်။ အို…….အလ္လာဟ် အရှင်မြတ်ဓာတုဗေဒဖခင်ကြီးရှိုက်ခ်ဂျာဘိရ်ဘင်န်ဟိုင်ယာန်
ကို ဂျန္နသုလ်ဖိရ်ဒေါစ် မှာ အလွန်မြင့်မားတဲ့အဆင့်အတန်းချီးမြှင့်ပေးသနားတော်မူပါ။ အာမီးန်……….။

လေးစားပါတယ်ခင်ဗျာ
The Sage

August 4, 2009

ကျမ်းတော်မြတ် ကုရ်အာန်

Filed under: ကုရ်အာန် — The Sage @ 7:42 am

ကျမ်းတော်မြတ် ကုရ်အာန်

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူထသောအလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏။

“အလ်ကုရ်အာန်” ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

ဤခေါင်းစဉ်ငယ်တွင်……………

မွတ်စ်လင်မ်များနှင့်သာမက မွတ်စ်လင်မ်မဟုတ်သူအတော်များများနှင့်ပါ အတန်အသင့်ရင်းနှီးပြီးဖြစ်သော အာရဗီဝေါဟာရ “ကုရ်အာန်” ၏
အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ဝေါဟာရဆင်းသက်ပုံကို တင်ပြရန် ရည်ရွည်သည်ဖြစ်ကြောင်း ဦးစွာပထမ လေးစားစွာအသိပေးပါရစေ။

အမိမြန်မာပြည်တွင်းမှီတင်းနေထိုင်လျှက်ရှိသောမွတ်စ်လင်မ်အများစုကမိမိတို့၏ဘာသာတရားကိုတည်ဆောက်ပြဌာန်း ထားသော အခြေခံ
အုတ်မြစ်ဖြစ်သည့် ကျမ်းဂန်ကို မြန်မာဘာသာဖြင့်ုရေးသားရာတွင် “ကုရ်အာန်” ဟုရေးသား သုံးစွဲကြသော်လည်း၊ မွတ်စ်လင်မ်မဟုတ်သည့်
ဘာသာခြား အများစုမှာမူ “ကိုရန်” ကျမ်းဟု ရေးသားသုံးစွဲနေကြသည်ကို တွေ့ရှိရပါသည်။ ဤသို့ဖြစ်ရခြင်းသည် မွတ်စ်လင်မ်အများစုမှာ
ငယ်စဉ်ကလေးဘဝကပင်အာရဗီအသံထွက်များဖြင့် ရင်းနှီးပြီးသားဖြစ်သော်လည်း ဘာသာခြားတို့မှာမူ အာရဗီအသံထွက်များဖြင့်ကျွမ်းဝင်
ရင်းနှီးမှုမရှိခဲ့ကြသည့်အလျှောက် မိမိတို့အနေဖြင့် လျှာယဉ်နေသော အသံထွက်ဖြင့်သာလျှင် ခေါ်ဝေါသုံးစွဲနေကြခြင်းကြောင့်ဖြစ်ပေသည်။
ဤသည်ကားဓမ္မတာပင်။ ဤခေါင်းစဉ်တွင် အသံထွက်အမှန်ဖြစ်သော “ကုရ်အာန်”ဟူ၍သာရေးသားသုံးစွဲသွားမည်ဖြစ်ပါသည်။

အစ္စလာမ်ဘာသာဝင်အားလုံးတို့က ကျမ်းတော်မြတ် ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ် ထံတော်မှ သတင်းစကားကိုလူသားတို့အားပို့ချ
ဖြန့်ချီခဲ့သည့်တမန်တော်များအစဉ်အဆက်တွင် နောက်ဆုံး နှင့် တံဆိပ်တော် ဖြစ်တော်မူသောမြတ်တမန်တော်မုဟမ္မဒ်(အလ္လာဟ်အရှင်မြတ်
အထံ တော်မှ ငြိမ်းချမ်း သာယာ မှုအဖြာဖြာ ကိုယ်တော့် အပေါ်သို့ ကျရောက်ပါစေ)ထံသို့ အလ္လာဟ် အရှင်မြတ်မှ ကောင်းကင်တမန်တော်
ဂျိဘ်ရာအိလ် ကို စေလွှတ်၍ ပို့ချခဲ့သောအလ္လာဟ်အရှင်မြတ်၏”စကားတော်” ဖြစ်သည်ဟုယုံကြည်ကြပါသည်။ စကားလုံးဝေါဟာရများသည်
လည်းကောင်း၊ အဓိပ္ပါယ်သည် လည်းကောင်း အလ္လာဟ်အရှင်မြတ် အထံတော်မှ ဖြစ်ပြီး ကျမ်းတော်လာ အာယဟ် တော်များသည် ပြိုင်ဘက်
ကင်းပြီး၊ လိုက်လံတုပရေးသား၍လည်းအလျှဉ်းမဖြစ်နိုင်ကြောင်း ကမ္ဘာ့သမိုင်းတစ်ခုလုံးကသက်သေခံလျှက်ရှိပါသည်။

ကျမ်းတော်မြတ်ကိုရွတ်ဖတ်သရဇ္ဈယ်ခြင်းသည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည် ကိုးကွယ်၍ပြုသောအမှုများအနက်မှခဝပ်ကိုးကွယ်
ခြင်းဆိုင်ရာအမှုတစ်မှုလည်းဖြစ်ပေသည်။ ဤကျမ်းတော်မြတ်သည် အကွဲအလွဲမရှိတစ်ညီတစ်ညွတ်တည်းဖြစ်သော အခိုင်အမာထောက်ခံမှုတို့
ဖြင့် လက်ဆင့်ကမ်း ပို့ချခြင်းခံရသလို ကျမ်းတော်မြတ်အစအဦး အခန်းဖြစ်သော စူရဟ်အလ်ဖွာသိဟဟ် မှ နောက်ဆုံး အခန်းဖြစ် သောစူရဟ်
အန္နားစ်အထိစာအုပ်အသွင်ဖြင့်ကနဦးကတည်းကရေသားမှတ်တမ်းတင်ထားခြင်းခံရသောကျမ်းလည်းဖြစ်ပေသည်။အာရဗီဝေါဟာရ “ကုရ်အာန်”
၏ ဆင်းသက်ပုံကို ဘာသာစကားဗေဒပညာရှင်တို့၏အထံတွင်မူ အယူအဆအမျိုးမျိုးကွဲပြားလျှက်ရှိပေသည်။ကွဲပြားလျှက်ရှိသောဘာသာစကား
ဗေဒ ပညာရှင်တို့၏ အယူအဆများအနက် အောက်ပါအယူအဆတို့မှာအလွန်ထင်ရှားလှပေသည်။

၁။ ဘာသာစကားဗေဒပညာရှင်အပါအဝင် အချို့ပညာရှင် တို့၏အဆိုအရ “ကုရ်အာန်” ဟူသောဝေါဟာရ သည် “ကရအ” ဟူသော ကြိယာပုဒ်
မှဆင်းသက်လာသော “ဖတ်ခြင်း”၊ “ရွတ်ခြင်း” “ဖတ်ရန်”၊ “ရွတ်ရန်” ဟု အဓိပ္ပါယ် ရသည့် ကြိယာနာမ် ဖြစ်သည်ဟု ဆိုကြလေသည်။ ဤသည့်
ဝေါဟာရအဓိပ္ပါယ် ဖွင့်ဆိုချက်ကို ကျမ်းတော်မြတ်”ကုရ်အာန်” တွင်လည်းသက်သေခံချက်လာရှိကြောင်း အောက်ပါအာယဟ်တော်များကိုဖတ်ရှု
လေ့လာသိရှိနိုင်ကြပေသည်။

ကျမ်းတော်မြတ်ကုရ်အာန် ၇၅:၁၇-၁၈ တွင်

    “အင်န်နအလိုင်နာ ဂျမ်အဟူ ဝကုရ်အာနဟူ”ဧကန်စင်စစ် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)  ကိုစုပေါင်းခြင်း
    သည်လည်းကောင်း၊ ထိုနည်းတူစွာ(ယင်းကုရ်အာန်ကျမ်း တော်မြတ်ကို)  ဖတ်စေခြင်းသည်လည်းကောင်း၊
    ငါအရှင်မြတ်၏ တာဝန်ဖြစ်၏။

    “ဖအိဇာ ကရအ်နာဟု ဖသ်သဘိအ် ကုရ်အာနဟူ”သို့ဖြစ်ပေရာ အကြင်အခါဝယ်  ငါအရှင်မြတ်သည် ယင်း
    (ကုရ်အာန်ကျမ်းတော်မြတ်) ဖတ်ကြားတော်မူခဲ့အံ့။ထိုအခါ (ယင်း ကုရ်အာန်၏ ဖတ်ကြားချက်ကို) အသင်သည်
    လိုက်
    (၍ဖတ်) ပါလေ။ နားထောင်ပါလေ။

ကဗျာသီကုံးဖွဲ့ဆိုခြင်းအတတ်ကို ကျွမ်းကျင်သော ဆွဟာဗဟ်ကြီး ဟစ္စါန်ဘင်န်သာဘစ်သ် (ရသွီယလ်လာဟုသအာလါအန်ဟု)က သူ၏ကဗျာတစ်
ပုဒ်တွင် တတိယခလီဖွာကြီး အုသ်မာန် ဘင်န် အဖ်ွဖွာန် သခင်ကြီး ကွယ်လွန် ခြင်းနှင့်ပတ်သတ်၍…………..

“အလ္လာဟ် အရှင်မြတ်အားတသရင်း၊ ကျမ်းတော်မြတ်ကုရ်အာန် ရွတ်ဖတ်သရဇ္ဈယ်ခြင်းအမှုတို့၌မွေ့လျော၍ သူ၏ ညတို့ကိုကုန်ဆုံး စေလေ့ ရှိသော၊
သက်ဝင်ယုံကြည် ခဝပ်ကိုးကွယ်မှု၏လက္ခဏာဖြစ်သည့် အဘိုးအိုအား သူတို့သည် စွန့်လွှတ်ခဲ့လေပြီတကား” ဟုဖွဲ့ဆိုထားကြောင်းကိုလည်း လေ့လာ
သိရှိမှတ်သားခဲ့ဖူးပါသည်။ ဤကဗျာစာပိုဒ်၏အာရဗီ မူရင်းတွင်လည်း”ကုရ်အာန်” ဟူသော ဝေါဟာရကို “ရွတ်ဖတ်သရဇ္ဈယ်ခြင်း” ဟု အဓိပ္ပါယ်ဖွင့်ဖွဲ့ဆို
ထားပါသည်။

၂။ အချို့ဘာသာဗေဒပညာရှင် များက “ကုရ်အာန်” ဟူသော ဝေါဟာရ သည်”စုစည်းရန်” ဟုအဓိပ္ပါယ် ရသော “ကုရ်အ”ဟူသော ဝေါဟာရမှဆင်းသက်
သော နာမ်ကိုအထူးပြုသောပုဒ်ဖြစ်သည် ဟုယူဆကြသည်။ အရဗ်လူမျိုးများကလည်း “ကရသုလ်မာအ ဖွိလ်ဟောသွ်” ကျွန်တော်သည် ရေကို ဇလားထဲ
တွင် စုစည်း(ဖြည့်)ပြီးပြီ။” ဤကဲ့သို့ပြောဆိုလေ့ရှိသည်။ အလ္လာဟ် ၏ “စကားတော်” ကျမ်းတော်မြတ် ကုရ်အာန်သည် လည်းအာယဟ်တော်များ၊ စူရဟ်
တော် များကို စုစည်းထားခြင်းသာဖြစ်သည်။ ဤသည်ကိုအထောက်အထားပြု၍ “ကုရ်အာန်”သည် “ကုရ်အ” ဟူ သောပုဒ်မှ ဆင်းသက်သည်ဟု ယူဆ
ကြပေသည်။

၃။ ပညာရှင်ကြီး အလ်အရှရီအပါအဝင် ပညာရှင်အချို့က ဝေါဟာရ “ကုရ်အာန်” သည် “ဆက်နွယ်သည်”၊ “ဆက်စပ်သည်” ဟု အဓိပ္ပါယ်ရသည့် “ကရန”
ဟူသောကြိယာပုဒ် မှဆင်းသက်လာသည်ဟုယူဆကြသည်။ အာရဗီစကားဖြင့် တစ်ခုနှင့် တစ်ခုဆက်စပ်သည်ကို”ကရန်သုရှ်ရှိုင်ယ်အ ဘိရှ်ရှိုင်ယ်အ” ဟု
ပြောဆိုသည်။ ကျမ်းတော်မြတ်၏ အာယဟ်တော်များနှင့်စူရဟ်တော်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်ထားခြင်းဖြစ်သည်။ ဤသည့် အတွက်ကြောင့်မြတ်
တမန်တော်ထံ ပို့ချခဲ့သည့် ကျမ်း၏ နာမတော်တစ်ခုသည် “ကုရ်အာန်” ဖြစ်သည်ဟုယူဆကြပါသည်။

၎။ ပညာရှင်ကြီးအလ်ဖရ်ရာ ကမူ ဝေါဟာရ “ကုရ်အာန်” သည် တူညီသည့်အရာများ ဟုအဓိပ္ပါယ်ရသည့် “ကရာအင်န်” ဟူသောပုဒ်မှ ဆင်းသက်လာခြင်း
ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းတော်မြတ်၏ အာယဟ်တော်များကလည်း တစ်ခုနှင့်တစ်ခု ဆင်ဆင်တူသယောင် ဖြစ်သည်ဟု ယူဆကြသည်။

၅။ ပညာရှင်ကြီး အရှ်ရှာဖွီ ၏အဆိုအရ “အလ်ကုရ်အာန်” ဟူသော ဝေါဟာရသည် အလ္လာဟ်အရှင်မြတ်အထံ တော်မှ မြတ်တမန်တော်ထံသို့ ပို့ချတော်မူခဲ့
သော ကျမ်းဂန် ၏ နာမတော် သက်သက် သာလျှင်ဖြစ်သည်။ အထက်ပါ အဆိုများတွင် ဖော်ပြထားသကဲ့သို့ မည်သည့် ပုဒ်များမှ ဆင်းသက်သည်မဟုတ်။
ရှေးကျမ်းမူရင်းများ သောဝ်ရားသ် နှင့် အင်န်ဂျီင်လ် တို့၏အမည်များကဲ့သို့ပင်ဖြစ်သည် ဟု လေ့လာမှတ်သားဖူးပါသည်။

အထက်ပါအဆို၊အယူအဆ တို့အနက်၊ နံပါတ် (၁) နှင့် (၂) တို့မှာ ပိုမိုလက်ခံနိုင်ဖွယ်ရာရှိသည်။ အရေးကြီးသော သိရှိမှတ်သားထားရန် အချက်တစ်ချက်
မှာ ကျမ်းတော်မြတ်တွင် အကြိမ် (၇၀)လာရှိသော “ကုရ်အာန်” ဟူသော ဝေါဟာရ နာမတော်သည် ကျမ်းတော်မြတ် တစ်ခုလုံးကို ရည်ညွန်းသည်သာမက၊
စူရဟ်တစ်ပုဒ်ခြင်း၊ အာယဟ်တော် တစ်အာယဟ် ချင်းကိုလည်း ရည်ညွှန်းခေါ်ဝေါ်ကြောင်းပင်ဖြစ်သည်။

“ကျမ်းတော်မြတ် ၏ အခြားနာမတော်များ”

ဤခေါင်းစဉ်ငယ်တွင် ကျမ်းတော်မြတ်၏အခြားနာမတော်များအနက်မှ အချို့ကို ရေးသားတင်ပြသွားမည်ဖြစ်ပါသည်။ “အလ်ကုရ်အာန်” သည် အလ္လာဟ်
အရှင် မြတ် အထံတော်မှ မြတ်တမန်တော်ထံသို့ ပို့ချတော်မူခဲ့သောကျမ်းတော်မြတ်၏ တစ်ခုတည်းသောနာမတော်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်ကိုယ်
တော်တိုင် က ကျမ်းတော်မြတ်ကိုကျမ်းတော်မြတ်တွင်ပင် အခြားနာမတော်များဖြင့်လည်း ညွှန်းဆိုထားပေသည်။ ကျမ်းတော်မြတ်ကုရ်အာန် ၂း၂ တွင် …

    “ဇာလိကလ်ကိသားဘု လာရိုင်ယ်ဘဖွီးဟိ”

    (ယင်းကျမ်းမြတ်နှင့်စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်ဖွယ်ရာအကြောင်းအလျှင်းမရှိပြီ။)

ဟုမိန့်တော်မူထားခြင်းကိုအကြောင်းပြု၍ ကျမ်းတော်မြတ်သည် “အလ်ကိသားဗ်” ဟုလည်း အမည်ရကြောင်းလေ့လာသိရှိရပါသည်။

ကျမ်းတော်မြတ်ကုရ်အာန် ၁၅း၉ တွင်

“အင်န်နာနဟ်နု နဇ္ဇလ်နဇ် ဇိက်ရ”

(ဧကန်စင်စစ်ငါအရှင်မြတ်သည်ပင်လျှင် (ဤ) ဆုံးမဩဝါဒ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ကို ချပေးသနားတော်မူခဲ့လေသည်။)

ဤသို့အားဖြင့် ကျမ်းတော်မြတ် ၏ အခြားနာမတော်တစ်ခုမှာ “အဇ်ဇိက်ရ်” ဖြစ်ကြောင်းအထောက်အထားရလေသည်။ ၎င်းပြင် ကျမ်းတော်မြတ် ကုရ်အာန်

၂၅း၁ တွင် ……………….

အမှားအမှန်ဝေဖန်ပိုင်းခြားပေးအပ်သော (ကျမ်းဂန် ကုရ်အာန်) ကို မိမိကျွန်အပေါ်ဝယ် ချပေးသနားတော်မူ

ခဲ့သောအရှင်မြတ်သည် ကောင်းချီးမင်္ဂလာ အပေါင်းနှင့်ပြည့်စုံတော်မူပါပေသည်။

အထက်ပါအာယဟ်တော်အားဖြင့် ကျမ်းတော်မြတ်သည် “အလ်ဖုရ်ကာန်” (အမှားအမှန်ဝေဖန်ပိုင်းခြား အပ်သော ကျမ်းဂန်) ဟုလည်း နာမတော်
ရကြောင်းသိရှိရပေသည်။ နောက်တစ်မျိုးသော နာမတော်သည်ကား “သန်ဇီလ်” ဖြစ်ပေသည်။ ကျမ်းတော်မြတ်လာ အထောက်အထားကိုတင်ပြရ
သော် ကျမ်းတော်မြတ်ကုရ်အာန် ၂၆း၁၉၂ တွင်

“ဝအင်န်နဟူ လသန်ဇီးလု ရဗ္ဖိလ်အားလမီးန်”

(၎င်းပြင်မလွဲဧကန် ဤ (ကုရ်အာန်ကျမ်းတော်မြတ်) သည် စကြဝဠှာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသည့်

အရှင်ချပေးတော်မူသော (ကျမ်းဂန်) ပင်ဖြစ်ချေသည်။)

ဤတွင် “အလ်ကုရ်အာန်” ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်” ခေါင်းစဉ်ငယ် နှင့် “ကျမ်းတော်မြတ် ၏ အခြားနာမတော်များ” ခေါင်းစဉ်ငယ် ကို
အလ္လာဟ်အရှင်မြတ်အလိုတော်ဖြင့်ရေးသားပြီးဆုံးပြီဖြစ်ပါသည်။

ဆက်လက်ရေးသားပါဦးမည်………….

လေးစားပါတယ်ဗျာ

The Sage

Create a free website or blog at WordPress.com.